Myanmar Transparency News

ဧရာဝတီဘဏ်၏ စုစုပေါင်းပိုင်ဆိုင်မှု ကျပ် ၉ ဒသမ ၅ ထရီလီယံအထိ ရှိလာ

​သက်တံ့
၁၀. ၁၁. ၂၀၂၆

မြန်မာပြည်တွင်းဘဏ်များတွင် အကြီးဆုံးတစ်ခုဖြစ်သော ​ဧရာဝတီဘဏ် အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် (Ayeyarwady Bank Public Company Limited -AYA Bank PCL) ၏ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလကုန်အထိ ဘဏ္ဍာရေး အခြေအနေနှင့် လုပ်ငန်းလည်ပတ်မှု ပိုင်ဆိုင်မှုများ အရ ဘဏ်၏ စုစုပေါင်း ပိုင်ဆိုင်မှု (Assets) မှာ ကျပ် ၉ ဒသမ ၅ ထရီလီယံအထိ ရှိလာကြောင်း ဘဏ်၏ ထုတ်ပြန်ချက် အချက်အလက်များအရ သိရသည်။

ယခုနှစ် စက်တင်ဘာလအထိ ​ထုတ်ပြန်ထားသော စာရင်းအင်းများအရ AYA Bank PCL ၏ အစုရှယ်ယာရှင်များ အသားတင်ပိုင်ဆိုင်မှု (Equity) မှာ ကျပ် ၅၀၀ ဒသမ ၃ ဘီလီယံ ရှိပြီး မ,တည် ရင်းနှီးမြှုပ်နှံငွေ (Paid Up Capital) ပမာဏမှာ ကျပ် ၂၉၇ ဘီလီယံ ရှိကြောင်း ဖော်ပြထားသည်။

​ထို့ပြင် ဘဏ်၏ လုပ်ငန်းကွန်ရက် ဖြန့်ကြက်ထားရှိမှုအနေဖြင့် တစ်နိုင်ငံလုံးတွင် ဘဏ်ခွဲပေါင်း ၂၆၁ ခုနှင့် အလိုအလျောက် ငွေထုတ်စက် (ATM) ပေါင်း ၆၂၃ ခုအထိ ဖွင့်လှစ်ထားရှိပြီး နိုင်ငံခြားငွေ ဝန်ဆောင်မှုအတွက် ငွေလဲကောင်တာ (Exchange Counter) ၁၆၂ ခုဖြင့် ဝန်ဆောင်မှုပေးလျက် ရှိသည်။

​လက်ရှိတွင် AYA ဘဏ်၌ တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းအင်အားမှာလည်း ဦးရေ ၇,၀၀၀ ကျော်အထိ ရှိလာနေကာ လက်ရှိအချိန် ဧရာဝတီဘဏ်၏ အကြီးအကဲအဖြစ် တည်ထောင်သူ ဦးဇော်ဇော်က ဥက္ကဋ္ဌတာဝန်ရယူထားကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News