Myanmar Transparency News

ဒယ်နီအိုး ပလပ်မဖြုတ်မိရာမှ နေအိမ်သုံးလုံးမီးလောင်မှု သန်လျင်တွင် ဖြစ်ပွား

၂၆.၇.၂၀၂၆
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ဗိုလ်ချုပ်ကျေးရွာ၊ ရွာသစ်နယ်မြေ (၁၅) တောရကျောင်းလမ်း တွင် ဇူလိုင်လ ၂၆ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်အချိန်က လျှပ်စစ်ဒယ်နီအိုးကို ပလပ်မဖြုတ်ဘဲထားမိရာမှ နေအိမ်သုံးလုံးမီးလောင်မှု ဖြစ်ပွားခဲ့​ကြောင်း မီးငြိမ်းသတ်သူများထံမှ သိရသည်။

မီးလောင်မှုမှာ အလျား ပေ ၂၀၊ အနံ ပေ ၃၀ သွပ်မိုး၊ ပျဥ်ခင်းပျဥ်ခကာ နေအိမ်တစ်လုံးတွင် လျှပ်စစ်ဒယ်နီအိုးကို ပလပ်မဖြုတ်ဘဲ အပြင်ထွက်ရာမှ အပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

၁၈ မိနစ်ကြာလောင်ကျွမ်းခဲ့သော မီးလောင်မှုကြောင့် သွပ်မိုး၊ ပျဥ်ကာ၊ ပျဥ်ခင်း တစ်ထပ်နေအိမ်တစ်လုံး၊ ဓနိမိုး၊ သွပ်ကာ၊ ဝါးခင်း တစ်ထပ်လူနေအိမ်တစ်လုံး၊သွပ်မိုး၊ ကျောက်ပြားကာ၊ ကွန်ကရစ်ခင်း တစ်ထပ် နေအိမ်တစ်လုံး စုစုပေါင်း နေအိမ်သုံးလုံးနှင့် အတွင်းပစ္စည်းများမီးလောင်ဆုံးရှုံးခဲ့သော်လည်း လူထိခိုက်သေဆုံးမှု မရှိကြောင်း သိရသည်။

မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၃ စီး၊ ရေသယ်ယာဥ် ၂ စီးနှင့် သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင် ၃၀ ကျော်က ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၁၁ နာရီ ၃၃ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

နေအိမ်သုံးလုံးမီးလောင်မှုကြောင့် အသက် ၇၂ နှစ်အရွယ် ဒေါ်ဌေးဌေးကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် သန်လျင်မြို့မရဲစခန်းက အမှုဖွင့်အရေးယူထားသည်။

မူရင်းသတင်း — Myanmar Transparency News