Myanmar Transparency News

Bangkok Bites စားသောက်ဆိုင်မီးလောင်မှု စားပွဲတင်ပန်ကာ အပူလွန်ကဲရာမှ ဖြစ်ပွားသည်ဟု စစ်ဆေးတွေ့ရှိ

၂၇.၇.၂၀၂၆
Written by KL

ရန်ကုန်တိုင်း​​​​​ဒေသကြီး၊ ရန်ကင်းမြို့နယ်၊ (၁၆) ရပ်ကွက်၊ ပြည်သာယာလမ်းရှိ Bangkok Bites စားသောက်ဆိုင်တွင် ဇူလိုင်လ ၂၆ ရက် ည ၈ နာရီ ၁၂ မိနစ်ခန့်က ဖြစ်ပွားခဲ့သော မီးလောင်မှုမှာ မြေညီထပ် ဝန်ထမ်းအိပ်ဆောင်ရှိ စားပွဲတင်ပန်ကာ အပူလွန်ကဲရာမှ အိပ်ယာပေါ်သို့ မီးပွားကျ၍ မီးလောင်ကျွမ်းခဲ့ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။

မီးလောင်မှုကြောင့် အလျား ပေ ၄၀၊ အနံ ပေ ၅၀ ရှိ Steel Structure အုတ်ညှပ် နှစ်ထပ် စားသောက်ဆိုင်​မြေညီထပ်ရှိ လျှာထိုးကြမ်းခင်း၊ အထပ်သားအိပ်စင်တစ်ခု၊ စားပွဲတင်ပန်ကာ နှစ်လုံး၊ ဆိုင်အတွင်းရှိ လျှပ်စစ်ဝါယာကြိုးနှင့် ဆက်စပ်ပစ္စည်းများ မီး​လောင်ဆုံးရှုံးခဲ့သော်လည်း လူထိခိုက်မှုမရှိကြောင်း သိရသည်။

မိနစ် ၃၀ ခန့်ကြာမြင့်သော မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၆ စီး၊ ရေသယ်ယာဥ် ၁၀ စီး၊ သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင် ၁၀၀ ကျော်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ည ၈ နာရီ ၄၃ မိနစ်တွင် မီးငြိမ်းခဲ့သည်။

စားသောက်ဆိုင်မီးလောင်မှုကြောင့် အသက် ၃၉ နှစ်အရွယ် ဆိုင်မန်နေဂျာ အမျိုးသားကို ရာဇသတ်ကြီးဥပဒေပုဒ်မ၂၈၅ ဖြင့် ရန်ကင်းမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News