Myanmar Transparency News

တောင်သာက PDF ခေါင်းဆောင် အမရာမောင် (ခ) စွန်ရဲမ PDF တွေက သေနတ်နဲ့ ပစ်သတ်ခံရလို့ ပွဲချင်းပြီးသေ

နေမိုး
၂၉. ၇. ၂၀၂၆

တောင်သာက PDF ခေါင်းဆောင် အမရာမောင် (ခ) စွန်ရဲမ (ခ) ဝေဖြိုးဇော် ဆိုတဲ့ နာမည်တွေနဲ့ လှုပ်ရှားတဲ့ PDF အမျိုးသမီးဟာ PDF အချင်းချင်း သေနတ်နဲ့ ပစ်သတ်ခံရလို့ ပွဲချင်းပြီးသေသွားတယ်လို့ သိရပါတယ်။

အသက် ၃၅ နှစ်အရွယ် အမရာမောင် (ခ) စွန်ရဲမ (ခ) ဝေဖြိုးဇော်ဟာ ရုံးစည်ကြီးတိုက်နယ်ပကဖ တာဝန်ခံဖြစ်ပြီး ဇူလိုင် ၂၈ ရက်ညက မန္တလေးတိုင်း၊ တောင်သာမြို့နယ်က ဖန်ခါးပင်ရွာက ဆက်ကြေးကောက်စခန်းမှာ သေနတ်နဲ့ ပစ်သတ်ခံရတာမှာ ချက်ကောင်းထိပြီး ဆေးကုဖို့ခေါ်သွားချိန်တောင် အသက်မမှီဘဲ ပွဲချင်းပြီး သေသွားခဲ့တာပါ။

တောင်သာမြို့နယ်က NUG ဩဇာခံ PDF တွေဟာ ခရီးသွားတွေ အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီး ပြန်ပေးဆွဲ ငွေကြေးတောင်းခံတာ နာမည်ကြီးသလို ဆက်ကြေးကောက်ခံမှုတွေကြောင့်လည်း နာမည်ပျက်တဲ့အပြင် သတ်ဖြတ်လုယက်မှုအများအပြားလည်း ကျူးလွန်ထားကြပါတယ်။ ဒီဖြစ်စဥ်မှာလည်း အမရာမောင် ပစ်သတ်ခံရတာဟာ ဝေစုမတည့်လို့ အသတ်ခံရတာလို့ သတင်းထွက်နေပေမဲ့ MT News က မြေပြင်အတည်မပြုနိုင်သလို တောင်သာ PDF တွေဘက်ကလည်း အခုအချိန်ထိ ဖုံးဖိထားဆဲ ဖြစ်ပါတယ်။

ဒီဖြစ်စဥ်အပေါ် NUG ထောက်ခံတဲ့ ပြည်ပပြေးမီဒီယာ မြေလတ်အသံမှာတော့ သိန်းငှက်နဲ့ ရဲထက်တို့ စစ်ဆေးရေးဂိတ်က ဇရပ်မှာ ထမင်းစားရင်း စကားများရာက သိန်းငှက်က ရဲထက်ကို ကျည်ထိုးပြီး သေနတ်နဲ့ပစ်မယ်လုပ်လို့ သေနတ်လုရာက ကျည်ထွက်ပြီး အမရမောင်ကို ဘယ်ဘက်လက်ပြင် ကျည်ဖောက်ဝင်ပြီးသေသွားတာလို့ ဖုံးဖိရေးသားထားပါတယ်။

ပြည်ပပြေးတဲ့မီဒီယာသမားတစ်ဦးကလည်း အမရာမောင်ကို PDF အချင်းချင်းလုပ်ကြံတာလို့ ကြားရကြောင်းနဲ့ အချင်းချင်းသေနတ်ပေါက်တာ မဖြစ်စေချင်ကြောင်း လူမှုကွန်ရက်မှာ ရေးသားထားတာ တွေ့ရပါတယ်။

မူရင်းသတင်း — Myanmar Transparency News