Myanmar Transparency News

ဆိုင်ကယ်နှင့် ကားတစ်စီးချိတ်မိရာမှ ဆယ်ကျော်သက်မိန်းကလေးတစ်ဦးသေဆုံးမှု မြစ်ကြီးနားတွင် ဖြစ်ပွား

၃၀.၇.၂၀၂၆
Written by KL

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ဘုတ်မောရပ်ကွက်၊ မြို့ရှောင်လမ်းတွင် ဇူလိုင်လ ၂၉ ရက် မွန်းလွဲ ၁ နာရီ ၂၃ မိနစ်ခန့်က ဆိုင်ကယ်နှင့်ကားတစ်စီးချိတ်မိရာမှ ဆယ်ကျော်သက်မိန်းကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဥ်တွင် မိန်းကလေးငယ်နှစ်ဦး စီးလာသော ဆိုင်ကယ်ကို ကားတစ်စီးက ချိတ်မိရာမှ ဆိုင်ကယ်ပေါ်မှ အသက် ၁၈ နှစ်အရွယ် မိန်းကလေး တစ်ဦးနေရာတွင်ပင် သေဆုံးခဲ့ပြီး ကျန်တစ်ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ကလေးမလေးက ချိတ်ပါသွားတဲ့အရှိန်နဲ့ နှာခေါင်းမှာသွေးထွက်ပြီးဆုံးသွားတယ်။ နောက်တစ်ယောက်ကတော့ နဖူး၊ လက်နဲ့ပွန်းပဲ့ဒဏ်ရာတွေ ရသွားတယ်”ဟု ယာဥ်တိုက်မှုကိုတွေ့ရှိသူတစ်ဦးကပြောသည်။

သေဆုံးသူ မိန်းကလေး၏ ရုပ်အလောင်းနှင့် ဒဏ်ရာရရှိသူမိန်းကလေးတို့ကို ဧရာဝတီကရုဏာ လူမှုကူညီရေးအသင်းမှ အသင်းဝင်များက မြစ်​ကြီးနားပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News