Myanmar Transparency News

လက်ထွန်စက်ပေါ်မှ ပြုတ်ကျသူအမျိုးသား စက်ဖြင့် ကြိတ်မိသည့်အပြင် ဓားသွားဖြင့်ပါခုတ်မိရာက ပွဲချင်းပြီး သေဆုံးသွား

၂.၈.၂၀၂၆
Written by KL

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ယင်းသာစည်(န)ကျေးရွာတွင် အမျိုးသားတစ်ဦး လယ်ထွန်စက်ပေါ်မှပြုတ်ကျကာ လယ်ထွန်စက်ဓားသွားဖြင့် ကြိတ်မိရာမှာ သေဆုံးမှု ယနေ့ သြဂုတ်လ ၂ ရက် နံနက် ၆ နာရီခန့်က ဖြစ်ပွားခဲ့​ကြောင်း ရုပ်အလောင်းသွားရောက်သယ်ဆယ်ပေးခဲ့သည့် မြေပြင်လူမှုကူညီရေးအသင်းထံမှ သိရသည်။

ဖြစ်စဥ်မှာ အသက် ၄၂ နှစ်အရွယ် ဦးသန်းဝင်းအောင်က ယာမြေတွင် စိုက်ပျိုးရန်အတွက် လယ်ထွန်စက်ဖြင့် ထွန်ယက်စဥ် လယ်ထွန်စက်ပေါ်မှ အိပ်ငိုက်၍ ပြုတ်ကျကာ လယ်ထွန်စက်ဘီးဖြင့် ကြိတ်မိပြီးနောက် လယ်ထွန်သည့် ဓားသွားများဖြင့် ထပ်မံခုတ်ဖြတ်မိရာမှ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သူက လယ်ထွန်စက်ပေါ်မှာ ဘေးကနေထိုင်လိုက်လာတာ။ အိပ်ငိုက်ပြီး ရုတ်တရက်ပြုတ်ကျတော့ မောင်းနေတဲ့ လယ်ထွန်စက်ရဲ့ ဘီးနဲ့အရင် အကြိတ်ခံရပြီး နောက်က ထွန်တဲ့ အသွားနဲ့ ထပ်အကြိတ်ခံရတော့ ခေါင်းကြေပြီး ဗိုက်တွေပွင့် အူတွေထွက်လို့ ဆုံးသွားတယ် “ဟု မျက်မြင်တွေ့ရှိသူ တစ်ဦးက ပြောသည်။

သေဆုံးသူ၏ရုပ်အလောင်းကို M-Rescue Magway မြေပြင်လူမှုကူညီရေးအသင်းမှ အသင်းဝင် လေးဦးက မကွေးတိုင်းပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

လယ်ထွန်စက်ကြိတ်ကာသေဆုံးမှုနှင့်ပတ်သက်၍ သစ်ရာကောက်နယ်မြေရဲစခန်းက သေမှုသေခင်းအမှတ်စဥ် ရေးဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News