Myanmar National Post

မြန်မာ - ဘယ်လာရုစ် နှစ်နိုင်ငံအကြား အမျိုးသမီးရေးရာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အနာဂတ်ပူးပေါင်းဆောင်ရွက်မှု ဆက်လက်မြှင့်တင်ရေးဆွေးနွေး


နေပြည်တော်၊ ဩဂုတ် ၁၄

မြန်မာ - ဘယ်လာရုစ် နှစ်နိုင်ငံအကြား အမျိုးသမီးရေးရာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အနာဂတ်ပူးပေါင်းဆောင်ရွက်မှု ဆက်လက်မြှင့်တင်ရေးတို့ကို အမျိုးသမီးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ဇင်နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ Belaya Rus ပါတီဥက္ကဋ္ဌ Ms. Olga Chemodanova ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံစဉ် ဆွေးနွေးခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲကို ယမန်နေ့က အမျိုးသမီးရေးရာဝန်ကြီးဌာန ဧည့်ခန်းမ၌ကျင်းပခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံလူဦးရေ၏ ၅၃ ရာခိုင်နှုန်းခန့်မှာ အမျိုးသမီးများဖြစ်ကာ ကျေးလက်နေအမျိုးသမီးများနှင့်အမျိုးသမီးငယ်များ ဖွံ့ဖြိုးတိုးတက်ရေးဦးစားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး နိုင်ငံတော်အဆင့် မဟာဗျူဟာစီမံကိန်း (National Strategic Plan for Advancement of Women-NSPAW) အကောင်အထည်ဖော်ရေးနှင့် အကြမ်းဖက်မှုတားဆီးကာကွယ်ရေးတို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊ အမျိုးသမီးများနှင့်အမျိုးသမီးငယ်များ စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် လူမှုဘဝလုံခြုံရေးအတွက် အမျိုးသမီးရေးရာဝန်ကြီးဌာနကို ဖွဲ့စည်းတည်ထောင်ခဲ့ပြီး အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးနှင့် အကြမ်းဖက်မှုတားဆီးကာကွယ်ရေးကဏ္ဍများတွင် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့် အခြားနိုင်ငံများ၏ အတွေ့အကြုံကောင်းများကို လေ့လာလိုကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ Ms. Olga Chemodanova က ၂၀၂၆ ခုနှစ်ကို ဘယ်လာရုစ်သမ္မတနိုင်ငံ၏ အမျိုးသမီးများနှစ်အဖြစ် သတ်မှတ်ထားကြောင်း၊ အမျိုးသမီးများအား ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အမျိုးသမီးတစ်ဦးအနေဖြင့် မိမိ၏မိသားစု၊ ကလေးသူငယ်များကို မည်သို့ကာကွယ်စောင့်ရှောက်ရမည်ကိုသိရှိရန် အသိပညာပေးအစီအစဉ်များ ထည့်သွင်းဆောင်ရွက်ရန်နှင့် ကျန်းမာရေးသည် အရေးကြီးသည့်အတွက် အမျိုးသမီးများ ကျန်းမာရေးအသိပညာရရှိရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။


#News #Myanmar

မူရင်းသတင်း — Myanmar National Post