
ဩဂုတ် - ၁၃ ( ကြာသပတေးနေ့ )
တောင်အာဖရိကနိုင်ငံ ဝက်စ်မြောက်ပိုင်း ပြည်နယ်က စွန့်ပစ်မြေစာပုံတစ်ခုမှာ သတ္တုကျင်း နံရံပြိုကျမှု ဖြစ်ပွားခဲ့တာကြောင့် တရားမဝင် သတ္တုတူးဖော်သူလို့ ယူဆရသူ ၁၄ ဦးထက်မနည်း သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ဒေသအခေါ်အရ ‘ဇာမာဇာမာ’ လို့ခေါ်ကြတဲ့ အဲ့ဒီ တရားမဝင် သတ္တုတူးသူတွေဟာ ရတ်စတန်ဘတ် သတ္တုတွင်းမြို့အနီးက အန်ကနန်တွင်း မှာ ပလက်တီနမ်အုပ်စုဝင် သတ္တုတွေကို တူးဖော်နေကြစဉ် တနင်္လာနေ့ညက စုံပုံထားတဲ့ မြေစာနံရံတွေ ပြိုကျခဲ့တာဖြစ်ကြောင်း တောင်အာဖရိက ရဲတပ်ဖွဲ့ (SAPS) က ထုတ်ပြန်ထားပါတယ်။ ဒီနေရာဟာ ကုမ္ပဏီတစ်ခုကို သတ္တုတူးဖော်ခွင့် ပါမစ်ပေးထားတဲ့ နေရာတစ်ခု ဖြစ်တယ်လို့လည်း ရဲတပ်ဖွဲ့က ဆိုပါတယ်။
"တရားမဝင် သတ္တုတူးဖော်သူ အရေအတွက် အတိအကျမသိရသေးဘဲ မြေအောက်မှာ ပိတ်မိနေဆဲ ဖြစ်နိုင်တာကြောင့် အာဏာပိုင်တွေက အခြေအနေကို ဆက်လက် စစ်ဆေးနေပါတယ်" လို့ ဝက်စ်မြောက်ပိုင်း ပြည်နယ် ရဲကော်မရှင်နာ ဒုတိယဗိုလ်ချုပ်ကြီး က ပြောပါတယ်။ ကော်မရှင်နာရဲ့ ပြောကြားချက်အရ သေဆုံးသူ အများစုဟာ အိမ်နီးချင်း လီဆိုသို နိုင်ငံသား ဘာဆိုသို တိုင်းရင်းသားတွေ ဖြစ်ကြတယ်လို့ ယူဆရပါတယ်။
တောင်အာဖရိက ရဲတပ်ဖွဲ့ (SAPS) ရဲ့ ပြောကြားချက်အရ ဒဏ်ရာရသူတွေထဲက ၃ ဦးဟာ ဆေးရုံက ဆင်းဆင်းချင်း တရားမဝင် သတ္တုတူးဖော်မှု သံသယနဲ့ ဖမ်းဆီးခံခဲ့ရပြီး ကျန်တဲ့ ၅ ဦးကတော့ ဆေးကုသမှု ခံယူနေစဉ်မှာပဲ ရဲတပ်ဖွဲ့ရဲ့ စောင့်ကြပ်ကြည့်ရှုမှုအောက်မှာ ရှိနေပါတယ်။
ဒီဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့ နေရာဟာ ဂျိုဟန်းနက်စဘတ် မြို့ရဲ့ အနောက်မြောက်ဘက် ကီလိုမီတာ ၁၃၀ အကွာ တောင်အာဖရိကရဲ့ ပလက်တီနမ် ထွက်ရှိရာ အဓိကဇုန်ထဲမှာ တည်ရှိတာပါ။ ပါလီမန်ရဲ့ သယံဇာတနှင့် ရေနံအရင်းအမြစ်များဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ကတော့ ဒီလို သေဆုံးမှုတွေဟာ တရားမဝင် သတ္တုတူးဖော်မှုရဲ့ အန္တရာယ်ကြီးမားပုံကို "နာကျင်စွာ သတိပေးလိုက်တာပဲဖြစ်တယ်" လို့ ပြောဆိုခဲ့ပြီး ဒီတရားမဝင် လုပ်ငန်းတွေကို ပိုမိုပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်ဖို့ တောင်းဆိုခဲ့ပါတယ်။
ဒါ့အပြင် အာဏာပိုင်တွေအနေနဲ့ ကျန်းမာရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး စည်းမျဉ်းတွေကို တင်းတင်းကျပ်ကျပ် စိုက်ထုတ်ကြပ်မတ်ရင်း အသေးစားနဲ့ ရိုးရာသတ္တုတူးဖော်သူတွေအတွက် ဥပဒေနဲ့အညီ တရားဝင်လုပ်ကိုင်ခွင့် အခွင့်အလမ်းတွေကို တိုးချဲ့ဖန်တီးပေးဖို့ပါ တိုက်တွန်းသွားခဲ့ပါတယ်။
REF: RT
#News #Myanmar