Eleven Media Group

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဘင်္ဂါလီ ၁၅၀၀ ကျော်ကို AA အဖွဲ့က သတ်ဖြတ်ခြင်း၊ မုဒိမ်းကျင့်ခြင်းတို့ ပြုလုပ်ခဲ့ကြောင်း ARSA အဖွဲ့က ထုတ်ပြန်

ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဘင်္ဂါလီ (မူရင်းတွင် ရိုဟင်ဂျာဟု ဖော်ပြ) ၁၅၀၀ ကျော်ကို AA အဖွဲ့က သတ်ဖြတ်ခြင်း၊ မုဒိမ်းကျင့်ခြင်းတို့ ပြုလုပ်ခဲ့ကြောင်း ARSA ၏ ပြည်သူ့ဆက်ဆံရေးနှင့် ပြန်ကြားရေးဌာန (DPRI) က ထုတ်ပြန်ခဲ့သည်။

ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် AA အဖွဲ့က သတ်ဖြတ်မှုများ၊ မတရား ဖမ်းဆီးထိန်းသိမ်းမှုများ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ အဓမ္မ နေရပ်စွန့်ခွာခိုင်းမှုများနှင့် ပိုင်ဆိုင်မှုများကို သိမ်းပိုက်မှုများ ပြုလုပ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် စွပ်စွဲဖော်ပြထားသည်။

ယင်းထုတ်ပြန်ချက်တွင် ၂၀၂၂ ခုနှစ်မှ ၂၀၂၆ ခုနှစ် မတ်လအထိ သတ်ဖြတ်ခံရခြင်း၊ ဖမ်းဆီးထိန်းသိမ်းခံရခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရခြင်း သို့မဟုတ် လူမသိ၊ သူမသိဖမ်းဆီးခံရပြီးနောက် သတင်းအစအနပျောက်ဆုံးသွားမှုများကို ကြုံတွေ့ခဲ့ရသည့် ဘင်္ဂါလီ အရပ်သား ၁၅၀၄ ဦး၏ အချက်အလက်များကို မှတ်တမ်းတင်ဖော်ပြထားသည်။

ထုတ်ပြန်ချက်တွင် ဖော်ပြထားသည့် ကာလအပိုင်းအခြားအတွင်း မြန်မာတပ်မတော်နှင့် AA တို့ကြား တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ဘင်္ဂါလီ အသိုက်အဝန်းသည် နှစ်ဘက်ကြား ပိတ်မိခဲ့ကြပြီး တိုက်ခိုက်ခံရမှု၊ သွားလာလှုပ်ရှားခွင့် ပိတ်ပင်ခံရမှုနှင့် နေရပ်စွန့်ခွာရမှုများကို ရင်ဆိုင်ခဲ့ရသဖြင့် အချို့မှာ ဘေးလွတ်ရာ ဒေသများနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးခဲ့ကြရသည်ဟု ဆိုသည်။

ဖော်ပြပါ ၁၅၀၄ မှုအနက် ထိခိုက်ခံစားရသူ ၈၂၃ ဦး၏ အချက်အလက်များကို အတည်ပြုနိုင်ခဲ့ပြီး အမှန်တကယ် ထိခိုက်ခံစားရသူ အရေအတွက်သည် ယခုထုတ်ပြန်ချက်တွင် ပါဝင်သူအရေအတွက်ထက် ပိုမိုများပြားနိုင်ကြောင်းလည်း DPRI က သတိပေးထား သည်။

အပြင်းထန်ဆုံး စွပ်စွဲချက်တစ်ခုမှာ ၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်းက ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှု ဖြစ်ပြီး ထိုအချိန်က ထောင်နှင့်ချီ သည့် ဘင်္ဂါလီများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်ရန် နတ်မြစ်အနီးတွင် စုဝေးခဲ့ကြသည်ဟု ဆိုသည်။

DPRI ၏ ထုတ်ပြန်ချက်အရ ဩဂုတ်လ ၅ ရက်နှင့် ၆ ရက်တို့တွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများနှင့် နတ်မြစ်ဘက်သို့ ထွက်ပြေး တိမ်းရှောင်ကြချိန်အတွင်း ဘင်္ဂါလီ အရပ်သား ၄၀၀ ကျော် သေဆုံးခဲ့ရကာ အဆိုပါ ထိခိုက်ခံစားရသူများတွင် အမျိုးသားများ၊ အမျိုးသမီးများ၊ ကိုယ်ဝန်ဆောင်များ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများ ပါဝင်သည်ဟု ဆိုသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ စက်လှေဖြင့် ကူးခါနီးအချိန်တွင် လူ ၂၀၀ ကျော် သေဆုံးခဲ့ပြီး လှေမှောက်ပြီး ရေနစ်သေဆုံးသူအချို့ ရှိသကဲ့သို့ ထွက်ပြေးရန် ကြိုးပမ်းစဉ် တိုက်ခိုက်ခံရသူများလည်းရှိကြောင်း ဖော်ပြထားသည်။

ထို့အပြင် လူပေါင်းရာချီ ဒဏ်ရာရရှိခဲ့ပြီး အသက်လုထွက်ပြေးကြရသည့် အခြေအနေကြောင့် မိသားစုများ ကွဲကွာခဲ့ရကြောင်း ဇုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထုတ်ပြန်ချက်တွင် ဖော်ပြထားသော လေ့လာတွေ့ရှိချက်များသည် လူတွေ့မေးမြန်းချက်များ၊ ထိခိုက်ခံစားရသူများ၏ မှတ်တမ်းများ၊ မျက်မြင်သက်သေများ၏ ထွက်ဆိုချက်များ၊ ဓာတ်ပုံများ၊ ဗီဒီယိုများနှင့် အခြားအထောက်အထားများအပေါ် အခြေခံထားခြင်း ဖြစ်ကြောင်း DPRI က ပြောကြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group