အဘူဒါဘီ အမျိုးသားရေနံကုမ္ပဏီ (ADNOC) ပိုင်တဲ့ သင်္ဘောနှစ်စင်းဟာ ဟော်မုဇ်ရေလက်ကြားမှာ တိုက်ခိုက်ခံခဲ့ရပေမယ့် ထိခိုက်သေဆုံးသူတော့ မရှိဘူးလို့ ယူအေအီး သတင်းအေဂျင်စီ WAM က ဆိုပါတယ်။
ADNOC ကုမ္ပဏီက “ဩဂုတ်လ ၁၃ ရက်နေ့ ညနေပိုင်းက ဟော်မုဇ်ရေလက်ကြားကို ဖြတ်နေတုန်း ကျွန်တော်တို့ သင်္ဘောနှစ်စင်း တိုက်ခိုက်ခံရတာပါ။ ဘယ်သူမှတော့ ထိခိုက်ဒဏ်ရာ မရခဲ့ပါဘူး၊ အခုဆိုရင် အခြေအနေအားလုံးကို ထိန်းချုပ်ထားနိုင်ပါပြီ” လို့ ပြောပါတယ်။
ဒီတိုက်ခိုက်မှုဟာ အီရန်လက်ချက်ပဲလို့ ယူအေအီး နိုင်ငံခြားရေးဝန်ကြီးဌာနက စွပ်စွဲထားပါတယ်။ ဒါ့အပြင် အီရန်အစိုးရအနေနဲ့ ဒီလို ရန်လိုတဲ့လုပ်ရပ်တွေကို ရပ်တန်းကရပ်ဖို့နဲ့ ရေလက်ကြားကို ခြွင်းချက်မရှိ အပြည့်အဝ ပြန်ဖွင့်ပေးဖို့ကိုလည်း တောင်းဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၈ ရက်နေ့တုန်းကလည်း ဟော်မုဇ်ရေလက်ကြားမှာပဲ ADNOC သင်္ဘောတစ်စင်း တိုက်ခိုက်ခံခဲ့ရပါသေးတယ်။ အဲ့ဒီတုန်းကလည်း ဘယ်သူမှ ထိခိုက်မှုမရှိခဲ့ဘူးလို့ ကုမ္ပဏီက ဆိုပါတယ်။ ပဋိပက္ခတွေ စတင်ဖြစ်ပွားကတည်းကဆိုရင် ဟော်မုဇ်ရေလက်ကြားထဲမှာ သူတို့ရဲ့ သင်္ဘော (၁၅) စင်းတိတိ ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခံခဲ့ရပြီး သင်္ဘောသားတစ်ယောက် သေဆုံးကာ နောက်ထပ် အယောက် (၂၀) ဒဏ်ရာရခဲ့တယ်လို့ ADNOC ကုမ္ပဏီက အရင်ကတည်းက ထုတ်ပြန်ထားဖူးပါတယ်။