Eleven Media Group

ချေးငွေရယူလိုသူ MSME လုပ်ငန်းရှင်များ အာမခံပစ္စည်းမတင်ပြနိုင်ပါက ချေးငွေအာမခံ CGI စနစ်ဖြင့် ချေးငွေပမာဏအများဆုံး ကျပ်သန်း ၅၀ အထိ လျှောက်ထားနိုင်

အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးရန်ပုံငွေမှ ချေးငွေရယူလိုသူ MSME လုပ်ငန်းရှင်များ အာမခံပစ္စည်းတင်ပြ၍ ချေးငွေလျှောက်ထားနိုင်ပြီး အာမခံပစ္စည်းပေးအပ်နိုင်ခြင်းမရှိပါက ချေးငွေအာမခံ Credit Guarantee Insurance - CGI စနစ်ဖြင့် ချေးငွေပမာဏ အများဆုံး ကျပ်သန်း ၅၀ အထိ လျှောက်ထားနိုင်ကြောင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့က ထုတ်ပြန်သည်။

အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်၏ မတည်ထောက်ပံ့ငွေဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေကို ထူထောင်ထားရှိပြီး အဆိုပါရန်ပုံငွေမှ ပြည်ထောင်စု နယ်မြေ နေပြည်တော်နှင့် တိုင်းဒေသကြီး၊ပြည်နယ်များရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအား သက်သာသောအတိုးနှုန်းဖြင့် မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ် (၁၆) ဘဏ်တို့မှတစ်ဆင့် အာမခံပစ္စည်းပေးအပ်၍ဖြစ်စေ၊ ချေးငွေအာမခံ Credit Guarantee Insurance-CGI စနစ်ဖြင့်ဖြစ်စေ ချေးငွေများ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

MSME ချေးငွေ ရယူလိုသည့် လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာ မြို့နယ်/ခရိုင် MSME အေဂျင်စီများတွင် ချေးငွေလျှောက်ထားရမည်ဖြစ်ပြီး MSME ချေးငွေစည်းကမ်းသတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

ချေးငွေစည်းကမ်းသတ်မှတ်ချက်များမှာ MSME လုပ်ငန်းတစ်ခုသို့ အများဆုံးထုတ်ချေးမည့်ပမာဏအနေဖြင့် အသေးစားနှင့်အငယ်စားစီးပွားရေးလုပ်ငန်းများ - ကျပ် ၅၀ သန်းအထိ၊ အလတ်စားစီးပွားရေးလုပ်ငန်းများ - ကျပ် ၁၀၀ သန်းအထိ၊ CGI စနစ်ဖြင့် ထုတ်ချေးခြင်း - ကျပ် ၅၀ သန်းအထိ (မြန်မာ့အာမခံလုပ်ငန်း၊ ပုဂ္ဂလိက ဖက်စပ်အထွေထွေ အာမခံကုမ္ပဏီ သုံးခု၊ ပြည်တွင်းပုဂ္ဂလိက အထွေထွေ အာမခံကုမ္ပဏီ ခြောက်ခုတို့မှ ဆောင်ရွက်ပေးမည်။)၊ ချေးငွေအမျိုးအစားနှင့်အတိုးနှုန်းအနေဖြင့် ပုံသေပစ္စည်း (Fixed Capital) အနည်းဆုံး (၃၀ ရာခိုင်နှုန်း)နှင့်အထက် အသုံးပြုမည့် ချေးငွေတွင် ချေးငွေသက်တမ်း အများဆုံး သုံးနှစ် အတိုးနှုန်း- ၃ ရာခိုင်နှုန်း၊ လှည့်ပတ်ငွေ (Working Capital) (၁၀၀ ရာခိုင်နှုန်း) အသုံးပြုမည့်ချေးငွေတွင် ချေးငွေသက်တမ်း အများဆုံး တစ်နှစ် ခြောက်လ အတိုးနှုန်း- ၄ ရာခိုင်နှုန်း၊ CGI စနစ်ဖြင့် ထုတ်ချေးမည့်ချေးငွေ အတိုးနှုန်း- ၅ ရာခိုင်နှုန်း (CGI စနစ်ဖြင့် ငွေချေးယူသူသည် အထက်ပါအတိုးနှုန်း ၅ ရာခိုင်နှုန်းအပြင် ချေးငွေအာမခံ (CGI) ပရီမီယံကြေးကို ထပ်ဆောင်းကျခံရမည်ဖြစ်သည်။) တို့ဖြစ်ကြောင်း သိရသည်။
ဆက်လက်ပြီး ချေးငွေအတွက် တင်ပြနိုင်သည့် အာမခံပစ္စည်းများအနေဖြင့် မြေနှင့် အဆောက်အဦ၊ စက်၊ ယာဉ်ယန္တရား၊ ငွေစုလက်မှတ်၊ အစိုးရငွေတိုက်စာချုပ်၊ စာရင်းသေအပ်ငွေ (အချိန်ပိုင်းအပ်ငွေ)၊ အပေါင်ပြုနိုင်သည့် ငွေချေးသက်သေခံလက်မှတ်များ၊ ချေးငွေအာမခံ Credit Guarantee တို့ဖြစ်သည်။

အာမခံအဖြစ် လက်ခံဆောင်ရွက်ပေးမည့် မြေအမျိုးအစားအနေဖြင့် ဘိုးဘွားပိုင်မြေ၊ ဂရန်မြေ၊ လန (၃၉)မြေ၊ (၃)(ခ)မြေ၊ လယ (၃၀)(က) (ခ)မြေ၊ လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ်ပုံစံ (၇)၊ စက်မှုစီးပွားဂရန်၊ အာမခံအဖြစ် လက်ခံဆောင်ရွက်ပေးမည့် အဆောက်အဦအမျိုးအစားအနေဖြင့် ကွန်ကရစ်တိုက် (RC) ၊ အုတ်ညှပ်အဆောက်အဦ၊ တိုက်ခံအိမ်၊ အုတ်ပတ် ကားတိုက် အဆောက်အဦ၊ Steel Structure ၊ (၆)ထပ်နှင့်အထက်ကွန်ဒိုတိုက်ခန်း တို့ဖြစ်ကြောင်း သိရသည်။

သို့ဖြစ်၍ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး ရန်ပုံငွေမှ ချေးငွေရယူလိုသူ MSME လုပ်ငန်းရှင်များအနေဖြင့် အာမခံပစ္စည်းများ တင်ပြ၍ ချေးငွေလျှောက်ထားနိုင်ကြောင်းနှင့် အာမခံပစ္စည်းပေးအပ်နိုင်ခြင်းမရှိပါက ချေးငွေအာမခံ Credit Guarantee Insurance - CGI စနစ်ဖြင့် ချေးငွေပမာဏ အများဆုံး ကျပ်သန်း ၅၀ အထိ လျှောက်ထားနိုင်ကြောင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့က ထုတ်ပြန်သည်။

မူရင်းသတင်း — Eleven Media Group