Eleven Media Group

■ လသာနှင့် လမ်းမတော်တွင် ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားသူ များပြားပြီး ရန်ကုန်တိုင်းရှိ ဗဟိုအဆင့်ဆေးရုံကြီး ၁၈ ရုံနှင့် ရန်ကုန်တိုင်းအောက်ရှိ ဆေးရုံ ၆၅ ရုံတွင်  ဆေးဝါးများ စုဆောင်းထား

■ ရန်ကုန်ဆေးရုံကြီးတွင် ပြင်ပလူနာများ၊ အတွင်းလူနာများကို လက်မခံတော့ဘူးဆိုသည့် သတင်းများ မဟုတ်မှန်

လသာနှင့် လမ်းမတော်တွင် ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားသူ များပြားပြီး ရန်ကုန်တိုင်းရှိ ဗဟိုအဆင့်ဆေးရုံကြီး ၁၈ ရုံနှင့် ရန်ကုန်တိုင်းအောက်ရှိ ဆေးရုံ ၆၅ ရုံတွင် ဆေးဝါးများ စုဆောင်းထားကြောင်းနှင့် ရန်ကုန်ဆေးရုံကြီးတွင် ပြင်ပလူနာများ၊ အတွင်းလူနာများကို လက်မခံတော့ဘူးဆိုသည့် သတင်းများ မဟုတ်မှန်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ တာဝန်ရှိသူများက ပြောကြားသည်။

ဝမ်းပျက်ဝမ်းလျှောရောဂါအတွက် ရန်ကုန်တိုင်းဒေသကြီးရှိ ဗဟိုအဆင့်ဆေးရုံကြီး ၁၈ ရုံနှင့် ရန်ကုန်တိုင်းအောက်ရှိ ဆေးရုံ ၆၅ ရုံတွင် သင်တန်းများပေးပြီး ဆောင်ရွက်ပေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ဌာနမှူး ဒေါက်တာနန္ဒဝင်းက ပြောကြားသည်။

“အရင်နေ့တွေနဲ့စာရင်တော့ နည်းနည်းကျလာပါပြီ။ စဉ်ဆက်မပြတ် ဆောင်ရွက်သွားမယ်ဆိုရင်တော့ ငါးရက်၊ တစ်ပတ်လောက်အတွင်းမှာ ဒီဖြစ်ပွားတဲ့ လူနာတွေ လျော့ပါးသွားမှာပဲ ဖြစ်ပါတယ်။ ရောက်လာတဲ့ လူနာတွေ အသက်မဆုံးရှုံးစေဖို့ တတ်နိုင်သလောက် Zero death ဖြစ်အောင် ကုသရေးဦးစီးဌာနက ဆရာဝန်တွေ၊ ဆေးရုံကြီးတွေကလည်း ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်။ ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ ဗဟိုအဆင့်ဆေးရုံကြီး ၁၈ ရုံနဲ့ ရန်ကုန်တိုင်းအောက်က ဆေးရုံ ၆၅ ရုံမှာအားလုံးက ဝမ်းပျက်ဝမ်းလျှောရောဂါအတွက်ကို အကုန်လုံးသင်တန်းတွေပေးပြီး ဆေးဝါးပစ္စည်း စုဆောင်းထားပြီးတော့ ဆောင်ရွက်ပေးလျက်ရှိပါတယ်”ဟု ဒေါက်တာ နန္ဒဝင်းက ပြောကြားသည်။

ဝမ်းပျက်ဝမ်းလျှောရောဂါသည် နှစ်စဉ်မိုးဦးကျအချိန်တိုင်း ဖြစ်လေ့ဖြစ်ထရှိပြီး ရန်ကုန်တိုင်းဒေသကြီးအတွက် စိန်ခေါ်မှုရှိသည့် ရောဂါတစ်ခုလည်း ဖြစ်ကြောင်း၊ ဩဂုတ်လ ၈၊ ၉၊ ၁၀ မှာ လမ်းမတော်မြို့နယ်က ဝမ်းပျက်ဝမ်းလျှောဖြစ်သည့်သူ အယောက် ၂၀၊ လသာမြို့နယ်က အယောက် ၂၀ နှင့် ဒဂုံဆိပ်ကမ်းမြို့နယ်က ၁၄ ယောက် အစုလိုက် တွေ့ခဲ့ကြောင်းသိရသည်။

“သူတို့ကို ကျွန်တော်တို့က Google ပေါ်မှာ ရိုက်သွင်းမှတ်တမ်းတင်စနစ်မျိုးတွေ အသုံးပြုပြီး တောက်လျှောက်ထောက်လှမ်းပြီးတော့ ကြည့်ရှုစောင့်ရှောက်ပါတယ်။ အဲဒီလို ကြည့်ရှုစောင့်ရှောက်တဲ့အခါမှာ ဒီလမ်းမတော်နဲ့ လသာမြို့နယ်မှာ ဖြစ်ပွားမှုတွေများတယ်။ လမ်းမတော်မြို့နယ် ၁ လမ်းကနေ ၂၄ လမ်းကြားမှာတင် ဒီလူနာတွေက စိပ်လာတာကို အံ့ဩဖွယ်ရာ တွေ့ရတယ်။ ဒီနေရာကလည်း ရန်ကုန်မြို့ရဲ့ China Town ရှိတဲ့နေရာ ဖြစ်နေတယ်”ဟု ဒေါက်တာနန္ဒဝင်းက ပြောကြားသည်။

လူနာများ၏ စားသောက်မှုကို ကြည့်ရာတွင် အားလုံးသည် အလွယ်တကူရတဲ့ ပြင်ပအစားအစာတွေကိုပဲ မှာယူစားသောက်နေတာကို တွေ့ရတယ်။ အစားအသောက်မှာ သုံးနေတဲ့ရေတွေကို လိုက်စစ်ရပါတယ်။ လမ်းဘေးမှာရှိတဲ့ ဆိုင်တွေက ရောက်တဲ့နေရာကနေ ရေပုံးလေးတွေနဲ့ခပ်ပြီး သေချာမဆေးကြောတဲ့အခါ ရေပုံးကနေ ရေအညစ်အကြေး ကပ်နေတဲ့ ရေကိုသုံးတဲ့အခါမှာ အဆင်မပြေတာမျိုးလည်းရှိတယ်။

ရန်ကုန်ဆေးရုံကြီးတွင် ပြင်ပလူနာများ၊ အတွင်းလူနာများကို လက်မခံတော့ဘူးဆိုသည့် သတင်းများ မဟုတ်မှန်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး ၊ဒေါက်တာမင်းဇော်ဦး ပါမောက္ခ (ဌာနကြီးမှူး၊ ဆေးလက်တွေ့) က ပြောကြားသည်။

“လတ်တလော ဖြစ်ပွားနေတဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ပတ်သက်ပြီး ပြည်သူလူထုကြားမှာ စိုးရိမ်မှုတွေ မြင့်မားနေတာ သိရှိရပါတယ်။ လူနာအများကြီး ရောက်လာတာမှန်သော်လည်း လူမှုကွန်ရက်ပေါ်မှာ ပြောနေကြသလို ရန်ကုန်ဆေးရုံကြီးမှာ လူနာတွေပြည့်ကျပ်နေတယ်၊ ပြင်ပလူနာမကြည့်တော့ဘူး၊ အတွင်းလူနာ လက်မခံတော့ဘူးဆိုတဲ့ သတင်းတွေ မဟုတ်မှန်ကြောင်း ပြောချင်ပါတယ်။ ပြင်ပလူနာဌာနကိုလည်း ပုံမှန်အတိုင်းဆောင်ရွက်နေပြီး ရှိတဲ့အင်အားနဲ့ ဝမ်းပျက်ဝမ်းလျှောလူနာတွေကို စနစ်တကျ ပြုစုစောင့်ရှောက်ပေးနေတယ်ဆိုတာ အသိပေးပါရစေ”ဟု ဒေါက်တာမင်းဇော်ဦး ပါမောက္ခ (ဌာနကြီးမှူး၊ ဆေးလက်တွေ့) က ပြောကြားသည်။

ဝမ်းပျက်ဝမ်းလျှော ရောဂါအပြင် နေ့စဉ်ကုသပေးနေသည့် ရောဂါတွေအတွက် အတွင်းလူနာ ၁၃၀၀၊ ၁၄၀၀၊ ၁၅၀၀ လောက်နဲ့ ပြင်ပလူနာ တစ်ရက် ၂၅၀၀ ရှိကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group