

လသာ၊ ဩဂုတ် ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်အတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုကို အမြန်ဆုံး ထိန်းချုပ်နိုင်ရေးနှင့် ပြည်သူများ၏ ကျန်းမာရေးအန္တရာယ် လျော့ပါးစေရေးအတွက် ၁၉ လမ်းနှင့် လမ်း ၂၀ တို့ရှိ စားသောက်ဆိုင်များအပါအဝင် လမ်းဘေးဈေးဆိုင်များအား ခေတ္တပိတ်ထားရန် သိရသည်။ ယနေ့ညအထိ ရရှိထားသည့် စာရင်းများအရ လသာမြို့နယ်အတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါ လက္ခဏာဖြင့် ဆေးကုသမှုခံယူနေသူ ၃၉ ဦးရှိကြောင်း သိရသည်။
ထို့အပြင် လသာ၊ လမ်းမတော်နှင့် ပန်းဘဲတန်းမြို့နယ်များတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ အစုလိုက်ဖြစ်ပွားနေသဖြင့် အဆိုပါမြို့နယ်များအတွင်းရှိ လမ်းဘေးဈေးဆိုင်များနှင့် စားသောက်ဆိုင်များကို ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် သုံးရက်မှ ငါးရက်အထိ ယနေ့ည၉နာရီမှစတင်ပြီးခေတ္တပိတ်ထားရန် အသိပေးနှိုးဆော်ထားကြောင်း သိရသည်။
အဆိုပါ ညွှန်ကြားချက်များကို ဆိုင်ရှင်များအနေဖြင့် အလေးထားလိုက်နာကြရန်နှင့် အစားအသောက်များကို သန့်ရှင်းလတ်ဆတ်စွာ ပြင်ဆင်ရောင်းချရေး၊ သောက်သုံးရေ သန့်ရှင်းရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးတို့ကို အထူးဂရုပြုဆောင်ရွက်ကြရန် လိုအပ်ကြောင်း သိရသည်။ ထို့အပြင် ၁၉ လမ်းနှင့် လမ်း ၂၀ အတွင်းရှိ စားသောက်ဆိုင်များနှင့် လမ်းဘေးဈေးဆိုင်များ ယာယီပိတ်သိမ်းထားမှု ရှိ၊မရှိနှင့် ညွှန်ကြားချက်များ လိုက်နာ ဆောင်ရွက်မှု ရှိ၊ မရှိတို့ကို သက်ဆိုင်ရာတာဝန်ရှိသူများက ဆက်လက်ကွင်းဆင်း စစ်ဆေး သွားမည်ဖြစ်ကြောင်း သိရသည်။
နေလင်း
#Myanmar #News