Myanmar National Post

ဧရာဝတီအမျိုးသမီးဘောလုံးအသင်း က အမေရိကန် တောင်ပံကစားသမား McKenna Davidson ကို ခေါ်ယူနိုင်ခဲ့ကြောင်း ထုတ်ပြန်


ရန်ကုန်၊ သြဂုတ် ၁၄

အာရှအမျိုးသမီးချန်ပီယံလိဂ် အုပ်စု-(F) တွင် ပါဝင်ယှဉ်ပြိုင်ရမည့် ဧရာဝတီအမျိုးသမီးဘောလုံးအသင်းသည် ကစားသမား အားဖြည့်မှုများ လုပ်ဆောင်လျက်ရှိရာ အမေရိကန် တောင်ပံကစားသမား McKenna Davidson ကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း ထပ်မံကြေညာထားသည်။

ဥရောပအမျိုးသမီး ချန်ပီယံလိဂ် (UEFA Women's Champions League) ပြိုင်ပွဲအပါအဝင် ဥရောပနှင့် အာရှကလပ်များတွင် ယှဉ်ပြိုင်ကစားခဲ့ပြီး အတွေ့အကြုံရင့် ခြေစွမ်းပြထားသည့် အမေရိကန်လူမျိုး McKenna Davidson ကို အာရှချန်ပီယံလိဂ်ပြိုင်ပွဲအတွက် ပြင်ဆင်ဆောင်ရွက်မှု တစ်ရပ်အနေဖြင့် ဧရာဝတီအက်ဖ်စီမှ ခေါ်ယူလိုက်ပြီဖြစ်ကြောင်း၊ တောင်ပံတိုက်စစ်နှင့် ခံစစ်နေရာများတွင် ကစားမည့် McKenna Davidson သည် အသင်း၏ တိုက်စစ်ပိုင်းနှင့် ခံစစ်ပိုင်းကို ပိုမိုအားကောင်းလာစေရန်နှင့် နိုင်ငံတကာ အတွေ့အကြုံများဖြင့် အသင်းအောင်မြင်မှုအတွက် အဓိက အထောက်အကူပြုပေးနိုင်မည်ဟု အပြည့်အဝ ယုံကြည်ပါကြောင်း ထုတ်ပြန်ထားသည်။

ဧရာဝတီအမျိုးသမီးဘောလုံးအသင်း က ယခုနှစ်တွင် ဂျပန်ကစားသမား ၅ဦးကိုလည်း ခေါ်ယူအားဖြည့်ထားပြီးဖြစ်သည်။

အာရှအမျိုးသမီးချန်ပီယံလိဂ် အုပ်စု-(F) တွင် ဧရာဝတီအမျိုးသမီးအသင်း (မြန်မာ)၊ FC Jurong (စင်ကာပူ)၊ No Limits FC (လက်ဘနွန်)၊ New Taipei City Hang Yuan FC (တရုတ်တိုင်ပေ) အသင်းများ ပါဝင်နေပြီး AFC Women's Champions League ပြိုင်ပွဲ၏ Preliminary Stage အုပ်စု (F) ပွဲစဉ်အားလုံးကို အိမ်ရှင်အဖြစ် ရန်ကုန်မြို့ရှိ သုဝဏ္ဏအားကစားကွင်း၌ လက်ခံကျင်းပသွားမည် ဖြစ်သည်။


#News #Myanmar


မူရင်းသတင်း — Myanmar National Post