Eleven Media Group

■ ခေတ်စနစ်ပြောင်းလဲတိုးတက်လာသည်နှင့်အမျှ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် စွမ်းဆောင်ရည် တိုးတက်ရေးမြင့်မားလာစေရန်အတွက် အစဉ်အဆက်မပြတ်လေ့လာဆည်းပူးနေကြရန် မွန်ပြည်နယ်လွှတ်တော်ဥက္ကဌ ပြောကြား

ခေတ်စနစ်ပြောင်းလဲတိုးတက်လာသည်နှင့်အမျှ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် စွမ်းဆောင်ရည် တိုးတက်ရေးမြင့်မားလာစေရန်အတွက် အစဉ်အဆက်မပြတ် လေ့လာဆည်းပူးနေကြရန် မွန်ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးသက်ထွေးက ပြောကြားပြောကြားခဲ့သည်။

ယမန်နေ့ ဩဂုတ်လ (၁၃) ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် တတိယအကြိမ်၊ မွန်ပြည်နယ်လွှတ်တာ် တတိယပုံမှန်အစည်းအဝေး (စတုတ္ထနေ့) တွင် မွန်ပြည်နယ် လွှတ်တော်ဥက္ကဌ ဦးသက်ထွေး မှ တတိယအကြိမ် ပုံမှန်အစည်းအဝေးဆောင်ရွက်ချက်အနှစ်ချုပ်တင်ပြရာတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

မိမိတို့အားလုံးသည် နိုင်ငံတာ်၏ အချုပ်အခြာအာဏာကို ခက်မသုံးဖြာဖြစ်သည့် အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုရေးအာဏာ၊ တရားစီရင်ရေးအာဏာတို့ကို အချင်းချင်းအပြန်အလှန်ထိန်းကျောင်းပြီး လေးစားလိုက်နာဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ အစိုးရနှင့်တရားလွှတ်တော်တို့အနေဖြင့် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များကို အကောင်အထည်ဖေါ်ဆောင်ရွက်နေကြသလို၊ လွှတ်တော်အနေဖြင့် ကလည်း လွှတ်တော်၏ အဓိကတာဝန်ဖြစ်သည့် ဥပဒေပြုရေးကို အဓိကထားဆောင်ရွက်ရမှာဖြစ်ကြောင်း နှင့် ပြည်သူများအကျိုးရှိမည့် ဥပဒေများကို ပြဌာန်းခြင်း၊ ခေတ်နှင့်မကိုက်ညီတော့သည့် ဥပဒေဟောင်းများကို အစဉ်အမြဲလေ့လာဆန်းစစ်ပြီး ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းနှင့် ပယ်ဖျက်ခြင်းတို့ ကိုဆောင်ရွက်ကြရမှာဖြစ်ကြောင်း ဦးသက်ထွေးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “ဒါ့အပြင် လွှတ်တော်အနေနဲ့ ကိုယ်စားပြုခြင်းနဲ့ စောင့်ကြည့်ထိန်းကျောင်းခြင်းကိုဆောင်ရွက်ရမှာဖြစ်ပါတယ်။ ကိုယ်စားပြုခြင်းအနေနဲ့ ပြည်သူ့အသံကိုနားထောင်ပြီး၊ ပြည်သူတို့ရဲ့ ဆန္ဒ၊ လိုအပ်ချက်တွေ၊ အခက်အခဲတွေကို လွှတ်တော်မှာ အဆိုမေးခွန်းများအနေနဲ့ တင်သွင်းမေးမြန်းကာ အစိုးရသိအောင်အကြံပြုတာဖြစ်ပြီး ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုလုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဒီလိုတင်ပြတဲ့အခါမှာ ပြည်သူတွေအမှန်တကယ်လိုအပ်တဲ့ ကိစ္စတွေအတွက် လိုအပ်တဲ့ သတင်းအချက်အလက်များကို စုံစုံလင်လင်စုစည်းပြီး ကြိုတင်လေ့လာသုံးသပ်ဆန်းစစ်ပြီးမှသာ လိုရင်းကိုတိုတိုနှင့် ရှင်းရှင်းလင်းလင်းတင်ပြပေးစေလိုပါတယ်။ ဒါမှသာ အကောင်အထည်ဖေါ်ဆောင်ရွက်မည့်အဖွဲ့အစည်းများအတွက် ပြည်သူတွေရဲ့လိုအပ်ချက်ကို မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန်နဲ့ အကောင်အထည်ဖေါ်ဆောင်ရွက်ပေးနိုင်မှာဖြစ်ပါတယ်” ဟု ပြောကြားသည်။

ထိန်းကျောင်းခြင်းအနေဖြင့် ပြည်သူကိုကိုယ်စားပြုပြီး အဆိုမေးခွန်းများတင်ပြမေးမြန်းခြင်းနှင့် အစိုးရ၏စီမံကိန်းလုပ်ငန်းများအပေါ်ပြည်သူ့ဘဏ္ဍာငွေများလေလွင့်ဆုံးရှုံးမှုမရှိစေရေးအတွက် စောင့်ကြည့်စစ်ဆေးခြင်း၊ အစိုးရအဖွဲ့၏ လုပ်ဆောင်ချက်များကို စောင့်ကြည့်ထိန်းကျောင်းရခြင်းတို့ဖြစ်ကြောင်း၊ ထို့အပြင် ဒီမိုကရေစီကျင့်သုံးမှုပုံစံတည့်မတ်မှန်ကန်စေရေးအတွက် အချင်းချင်းအပြန်အလှန်ထိန်းကျောင်းမှုလိုအပ်ပြီး တစ်ဖက်နှင့်တစ်ဖက်ဝင်ရောက်စွတ်ဖက်ကာလွှမ်းမိုးလိုသည့် ပွတ်တိုက်မှုပုံစံမျိုးမဖြစ်ပေါ်စေရေးအတွက် သတိပြုရှောင်ကျဉ်ရမှာဖြစ်ကြောင်း ၎င်းကဆိုသည်။

“လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပြည်သူနဲ့အစိုးရကြား ပေါင်းကူးတံတားသဖွယ်ဆောင်ရွက်ပေးမည်ဆိုပါက မိမိတို့ပြည်နယ်အနေဖြင့် ဘက်စုံဟန်ချက်ညီညီနဲ့ ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါတယ်။ ဒါ့အပြင် ခေတ်စနစ်တွေပြောင်းလဲတိုးတက်လာတာနဲ့အမျှလွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ စွမ်းဆောင်ရည် ဒီထက်မကတိုးတက်ရေးမြင့်မားလာစေဖို့ အစဉ်အဆက်မပြတ်လေ့လာဆည်းပူးနေကြရမှာဖြစ်ပါတယ်။ ဒါမှသာပြည်သူတွေရဲ့လိုအပ်ချက်ကို ဒီထက်မကဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မှာဖြစ်ပါတယ်” ဟု ဦးသက်ထွေး က ပြောကြားသည်။

မိမိတို့အားလုံးသည် မိမိတို့ပြည်နယ်၊ မြို့နယ်နှင့် ရပ်ကွက်ကျေးရွာအဆင့်အထိဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် မိမိတို့၏ တာဝန်ဝတ္တရားများကို ကျရာအခန်းကဏ္ဍများတွင် ကျေပွန်အောင် ကြိုးစားဆာင်ရွက်နေကြတာကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်းနှင့် ရှေ့ဆက်ပြီးတော့လည်း မိမိတို့၏အသိစိတ်တွင် တာဝန်သိစိတ်ဖြင့် တက်ညီလက်ညီဆက်လက်ကြိုးစားဆောင်ရွက်ပေးကြပါလို့ တိုက်တွန်းပြောကြားလိုပါကြောင်း ဦးသက်ထွေးက ဆက်လက်ပြောကြားသည်။

ဩဂုတ်လ (၁၀) ရက်နေ့မှ (၁၃) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် တတိယအကြိမ် မွန်ပြည်နယ်လွှတ်တာ် တတိယပုံမှန်အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များမှ ကြယ်ပွင့်ပြမေးခွန်း (၃၀) ခုနှင့် ကြယ်ပွင့်မပြမေးခွန်း (၅) ခု စုစုပေါင်း မေးခွန်း (၃၅) ခုမေးမြန်းခြင်း၊ ဥပဒေပြုရေးဆိုင်ရာကော်မတီ နှင့် တိုင်ကြားစာ၊ အသနားခံစာ၊ တင်ပြစာနှင့် အထွေထွေကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မတီ (၂) ခုအားပြင်ဆင်ဖွဲ့စည်းခြင်း၊ လွှတ်တော်ရေးရာကော်မတီများ အထောက်အကူပြုအကြံပေးကော်မတီဖွဲ့စည်းခြင်း၊ (၂၀၂၆ -၂၀၂၇) ဘဏ္ဍာရေးနှစ် မွန်ပြည်နယ်ဖြည့်စွက်ခွင့်ပြုငွေတောင်းခံမှုစာရင်း နှင့် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းများအား အတည်ပြုခြင်း၊ မွန်ပြည်နယ်စာရင်းစစ်ချုပ်၏ အစီရင်ခံစာအား မှတ်တမ်းတင်ခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။

တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်တွင် ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ် (၁၁) ဦး၊ မွန်ညီညွတ်ရေးပါတီမှ ကိုယ်စားလှယ် (၇) ဦး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ပြည်သူ့ပါတီ နှင့် ပအိုဝ်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့မှ ကိုယ်စားလှယ်တစ်ဦးစီ နှင့် တပ်မတော်သားပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၈) ဦး စုစုပေါင်း (၃၁) ဦးရှိကြောင်းနှင့် ပြည်နယ်လွှတ်တော် ဥက္ကဌအဖြစ် ပြည်ခိုင်ဖြိုးပါတီမှ မော်လမြိုင်မြို့နယ် ပြည်နယ်လွှတ်တော် အမှတ် (၂) ကိုယ်စားလှယ် ဦးသက်ထွေး နှင့် ပြည်လွှတ်တော်ဒုဥက္ကဌအဖြစ် ပြည်ခိုင်ဖြိုးပါတီမှပင် ရေးမြို့နယ် ပြည်လွှတ်တော်အမှတ် (၂) ကိုယ်စားလှယ် ဦးမင်းအောင်မြင့် တို့ဖြစ်ကြကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group