Eleven Media Group

■ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ လုံခြုံရေးအတွက် CCTV ကင်မရာ အလုံး ၆၅၀ တပ်ဆင်၍ ဆောင်ရွက်မည်

ရွှေတိဂုံစေတီတော်မြတ်ကြီး၏ လုံခြုံရေးအတွက် CCTV ကင်မရာ အလုံး ၆၅၀ တပ်ဆင်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ပြန်ကြားရေး၊ ကယ်ဆယ်ရေး၊ သာသနာရေးဝန်ကြီး ဦးနေလင်းထွန်းက ပြောကြားသည်။

သြဂုတ် ၁၄ ရက်က တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ ကျင်းပခဲ့ပြီး အဆိုပါ အစည်းအဝေးတွင် လှိုင်မြို့နယ် ကိုယ်စားလှယ်အမှတ် (၂) ဦးစံကျော်က ရွှေတိဂုံဘုရား မုခ်ဦးလေးခုရှိ ဘုရားပရဝဏ်အတွင်း ကိုယ်ပိုင်ယာဉ်များ၊ အငှားယာဉ် (Taxi) များ ယာဉ်ရပ်နားနိုင်ရန် ယာဉ်ရပ်နားကွင်းများအား တိုးချဲ့ပေးရန်နှင့် လုံခြုံရေး CCTV ကင်မရာများ တပ်ဆင်ပေးရေးနှင့်စပ်လျဉ်းသည့် မေးခွန်းအား မေးမြန်းခဲ့ပြီး အဆိုပါ မေးခွန်းအား ပြန်လည်ဖြေကြားရာတွင် ပြန်ကြားရေး၊ ကယ်ဆယ်ရေး၊ သာသနာရေးဝန်ကြီး ဦးနေလင်းထွန်းက ထိုသို့ ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

ရွှေတိဂုံစေတီတော်ကြီး၏ ဝတ္တကနယ်မြေအတွင်းသို့ ကိုယ်ပိုင်ယာဉ်၊ အငှားယာဉ်များဖြင့် ဘုရားဖူးလာကြသည့် ပြည်သူများအနေဖြင့် ယာဉ်ဝင်ကြေး ကိုယ်ပိုင်ယာဉ် ၃၀၀ ကျပ်၊ အငှားယာဉ် ၅၀၀ ကျပ် ပေးဆောင်ရကြောင်း၊ အငှားယာဉ်ဖြင့် ဘုရားဖူးလာရောက်ကြသူများအနေဖြင့် ယာဉ်ဝင်ကြေးကို ဘုရားဖူးလာ ပြည်သူများကသာ ပေးဆောင်ကြရပြီး အငှားယာဉ်များ ဝတ္တကနယ်မြေအတွင်း ယာဉ်ရပ်နားခွင့်မရှိသည့်အတွက် ယာဉ်ရပ်နားရန် နေရာမှာလည်း အခက်အခဲဖြစ်လာကြောင်း မေးခွန်းရှင် ဦးစံကျော်က မေးခွန်းမေးမြန်းစဉ် ထည့်သွင်းပြောကြားသည်။

အခါကြီး ရက်ကြီးများတွင် ဘုရားဖူးလာပြည်သူများ ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ လာရောက်ဘုရားဖူးသည့်အခါ ယာဉ်ရပ်နားရန်နေရာများလည်း နည်းပါးနေပြီး ရွှေတိဂုံဘုရားတောင်ဘက်မုခ်သည် အငှားယာဉ်များ လုံးဝရပ်မရသည့်အတွက် ကျောက်စိမ်းဘုရားဓမ္မာရုံရှေ့တွင် အချိန်ကြာမြင့်စွာ ယာဉ်ကြောပိတ်ဆို့မှုများဖြစ်ပေါ်လေ့ရှိကြောင်း ဦးစံကျော်က ပြောကြားသည်။

"အဲဒါကြောင့်မို့ ဒီနေရာတွေ ဒီလိုမဖြစ်အောင် ကျွန်တော်တို့က ဘုရားရဲ့ ဝတ္တကနယ်မြေအတွင်းမှာ အများကြီး ရပ်နားနိုင်တဲ့ ကိုယ်ပိုင်ယာဉ်တွေရော၊ အငှားယာဉ်တွေပါ ရပ်နားနိုင်တဲ့ နေရာတွေ ထပ်ပြီးတော့ လုပ်ပေးစေချင်ပါတယ်"ဟု ဦးစံကျော်က ပြောကြားသည်။

ထို့ပြင် ရွှေတိဂုံစေတီတော်မြတ်ကြီး ဝတ္တကနယ်မြေအတွင်း CCTV ကင်မရာများ တပ်ဆင်ပေးမည်ဆိုပါက စေတီတော်မြတ်ကြီးအတွက်လည်း စောင့်ရှောက်ရာရောက်ကြောင်း၊ ထို့ကြောင့် ရွှေတိဂုံစေတီတော်မြတ်ကြီး၏ မုခ် လေးမုခ်နှင့် ပရဝဏ်အတွင်း ကိုယ်ပိုင်ယာဉ်များ၊ အငှားယာဉ်များ ရပ်နားနိုင်ရန်အတွက် ယာဉ်ရပ်နားကွင်းများ တိုးချဲ့ပေးရန်နှင့် လုံခြုံရေးကင်မရာများ တပ်ဆင်ပေးရန် အစီအစဉ်ရှိ မရှိ သိရှိလိုကြောင်း လှိုင်မြို့နယ် ကိုယ်စားလှယ်အမှတ် (၂) ဦးစံကျော်က ပြောကြားသည်။

ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ ယာဉ်ဝင်ရောက်မှုအနေဖြင့် ယာဉ်ဝင်ကြေးကောက်ခံမှုစာရင်းများအရ ရုံးဖွင့်ရက်များတွင် ကိုယ်ပိုင်ယာဉ်နှင့် အငှားယာဉ် စုစုပေါင်း ၂၈၀၀ ခန့်၊ အစိုးရရုံးပိတ်ရက်များတွင် ကိုယ်ပိုင်ယာဉ်နှင့် အငှားယာဉ် စုစုပေါင်း ၇၃၀၀ ခန့်နှင့် စေတီတော်ကြီး၏ ပွဲတော်ရက်များတွင် ကိုယ်ပိုင်ယာဉ်နှင့် အငှားယာဉ် စုစုပေါင်း ၈၀၀၀ ခန့် လာရောက်ဖူးမြော်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ပြန်ကြားရေး၊ ကယ်ဆယ်ရေး၊ သာသနာရေးဝန်ကြီး ဦးနေလင်းထွန်းက ပြောကြားသည်။

ယာဉ်ရပ်နားရန် စီစဉ်ထားမှုအနေဖြင့် မုခ် လေးမုခ်နှင့် ဝတ္တကနယ်မြေအတွင်း ယာဉ်ရပ်နားရန်နေရာ ၁၀ နေရာ စီစဉ်ထားရှိပြီး ကိုယ်ပိုင်ယာဉ်နှင့် အငှားယာဉ် စုစုပေါင်း ၅၂၃ စီး အလှည့်ကျ ရပ်နားနိုင်အောင် စီစဉ်ထားရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ပြန်ကြားရေး၊ ကယ်ဆယ်ရေး၊ သာသနာရေးဝန်ကြီး ဦးနေလင်းထွန်းက ပြောကြားသည်။

သို့သော်လည်း ယာဉ်ဝင်ရောက်မှုနှင့် ယာဉ်ရပ်နားမှု အလွန်များပြားသည့်အတွက် ယာဉ်ရပ်နားရန် နေရာများတွင် ယာဉ်ပိတ်ဆို့မှုများနှင့် ယာဉ်မတော်တဆမှုများ မကြာခဏဖြစ်ပွားခြင်း၊ အငှားယာဉ်မောင်းများအချင်းချင်း မလိုလားအပ်သည့် စကားများမှုများကြောင့် လုံခြုံရေးဌာနမှ မကြာခဏ ဖြေရှင်းဆောင်ရွက်ပေးရခြင်း၊ VIP ဧည့်သည်များ လာရောက်သည့်အခါ အငှားယာဉ်များကို တာဝန်ကျလုံခြုံရေးအဖွဲ့များက ယာဉ်မရပ်နားရန် ပြောသည့်အခါ ရိုင်းစိုင်းစွာ မချေမငံ ပြန်လည်ပြောဆိုခြင်းနှင့် ဓာတ်လှေကားထိပ်ဝများအထိ သွားရောက်၍ ခရီးသည်ရရှိရေး အငှားယာဉ်မောင်းအချင်းချင်း အလုအယက် ခေါ်ယူဆွဲဆောင်ခြင်းကြောင့် ဘုရားဖူးလာ ပြည်သူများ စိတ်အနှောင့်အယှက် အကြီးအကျယ်ဖြစ်ပေါ်ခဲ့ကြောင်း ၎င်းက ပြောကြားသည်။

ထိုသို့သော အခက်အခဲများကြောင့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလအတွင်း ပြုလုပ်ခဲ့သည့် ရွှေတိဂုံစေတီတော်မြတ်ကြီး လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးအစည်းအဝေး ဆုံးဖြတ်ချက်အရ တောင်ဘက်မုခ်တွင် အငှားယာဉ်များ လုံးဝမဝင်ရောက်ရန်၊ ကျန်မုခ်များရှိ ကားဝင်းအတွင်း အငှားယာဉ်များ ဝင်ရောက်ပြီးသည့်အခါ ခရီးသည် တင်ချပြုလုပ်ပြီးသည့်နှင့် ချက်ချင်းပြန်ထွက်သွား ဆုံးဖြတ်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

​ရွှေတိဂုံစေတီတော်မြတ်ကြီး လုံခြုံရေးအတွက် စေတီတော်မြတ်ကြီး ရင်ပြင်တော်တွင် CCTV ကင်မရာ ၃၅၀ လုံးအား ၂၀၁၇ ခုနှစ်မှ စတင်ပြီး တပ်ဆင်ထားရှိကြောင်း၊ ယာဉ်ဝင်/ထွက်ပေါက်များ၊ လူဝင်/ထွက်ပေါက်များ၊ ယာဉ်ဝင်ကြေးကောက်ခံသည့်နေရာများ၊ ရင်ပြင်အဆင်းလမ်း နေရာများနှင့် ယာဉ်ရပ်နား ကားဝင်းနေရာများတွင် CCTV ကင်မရာ ၃၅ လုံး တပ်ဆင်ထားကြောင်း၊ စေတီတော်မြတ်ကြီးနှင့် ဆက်စပ်ကားလမ်းများဖြစ်သည့် အာဇာနည်လမ်း၊ ရွှေတိဂုံဘုရားလမ်း၊ ဦးဥတ္တမလမ်းနှင့် အနောက်ရွှေဂုံတိုင်လမ်းတို့တွင်လည်း ကားပတ်လမ်းတစ်လျှောက် CTV ကင်မရာ ၁၅ လုံး တပ်ဆင်ထားရှိကြောင်း၊ ထို့ကြောင့် လက်ရှိမြေပြင်တွင် CCTV ကင်မရာ ၄၀၀ တပ်ဆင်ထားပြီး ထပ်မံ၍ CCTV ကင်မရာ အလုံး ၂၅၀ တပ်ဆင်ရန် တင်ဒါခေါ်ယူထားပြီးဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
"'ဒါကြောင့်မလို့ ကျွန်တော်တို့ CCTV ကင်မရာက လက်ရှိ မြေပြင်မှာ ၄၀၀ တပ်ဆင်ပြီးတော့ ထပ်မံပြီးတော့ CCTV ကင်မရာ ၂၅၀ လုံး တပ်ဆင်ပြီးပါက ရွှေတိဂုံစေတီတော်မြတ်ကြီး၏ လုံခြုံရေးအတွက် CCTV ကင်မရာ ၆၅၀ လုံး တပ်ဆင်ပြီးမှာဖြစ်ပါကြောင်း လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် ပြန်လည်ဖြေကြားအပ်ပါတယ်"ဟု ပြန်ကြားရေး၊ ကယ်ဆယ်ရေး၊ သာသနာရေးဝန်ကြီး ဦးနေလင်းထွန်းက ပြောကြားသည်။

ယခုမေးခွန်းတွင် ပါဝင်သည့် ယာဉ်ရပ်နားဝင်း တိုးချဲ့ခြင်းအစီအစဉ်နှင့်ပတ်သက်၍မူ ဘုရားဖူးလာပြည်သူများ အခက်အခဲမရှိစေရန်အတွက် ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့နှင့် ညှိနှိုင်း၍ အတတ်နိုင်ဆုံး ဆောင်ရွက်ပေးသင့်ကြောင်းလည်း လွှတ်တော်ဥက္ကဋ္ဌက သုံးသပ်ပြောကြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group