Eleven Media Group

ဒုဋ္ဌဝတီ မြစ်ဘေးရှိ အပန်းဖြေစခန်း ၁၅ ခုအနက် ၂ ခုသာလုပ်ငန်းလိုင်စင် ခွင့်ပြုထားကြောင်း မန္တလေးတိုင်းအစိုးရဖွဲ့ ပြောကြား

ဒုဋ္ဌဝတီ မြစ်ဘေးရှိ အပန်းဖြေစခန်း ၁၅ ခုအနက် ၂ ခုသာလုပ်ငန်းလိုင်စင် ခွင့်ပြုထားကြောင်း မန္တလေးတိုင်းအစိုးရဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၏ ပြောကြားချက်အရ သိရသည်။

ပြင်ဦးလွင်မြို့နယ်၊ လွန်ကောင်းကျေးရွာအုပ်စုရှိ ဒုဋ္ဌဝတီ မြစ်ဘေးတစ်လျှောက် အပန်းဖြေစခန်း၁၅ခုသည် တရားဝင်လိုင်စင်ရှိမရှိနှင့်စပ်လျဉ်းသည့်မေးခွန်းကို ပြင်ဦးလွင်မြို့နယ်တိုင်း​ဒသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ်(၁) ဦးဝင်းဇော်က သြဂုတ်လ၁၄ရက်က ကျင်းပခဲ့သည့် လွှတ်တော်အစည်းအဝေးတွင် မေးမြန်းခဲ့ခြင်းဖြစ်သည်။

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ လွန်ကောင်းကျေးရွာအုပ်စု၊ ဒုဋ္ဌဝတီ မြစ်ဘေးတလျှောက်တွင် ၃ မိုင် သဘာဝ အပန်းဖြေစခန်း၊ ၃ မိုင် ပြည်သူ့နန်းတော်၊ ၅ မိုင် ပြည်သူ့နန်းတော်အပန်းဖြေစခန်း၊ ၅ မိုင် မြင်းစီးကွင်း၊ DDOD အပန်းဖြေစခန်း၊ ရွှေခေတ်အပန်းဖြေစခန်းနှင့် စားသောက်ဆိုင်၊ ဖလန်းဖလန်း ၆ မိုင် ရေလှိုင်းကမ္ဘာအပန်းဖြေစခန်း၊ ရွှင်ပြုံးအပန်းဖြေစခန်း၊ ၇ မိုင် အပန်းဖြေစခန်း၊ ဝှက်ကား ၃ ဆင့် ရေတံခွန် အပန်းဖြေစခန်း၊ သစ္စာစိန်စီအပန်းဖြေစခန်း၊ ဒီးဒတ်ရေပြာအိုင်အပန်းဖြေစခန်း၊ ၁၃ မိုင် ဖလန်းဖလန်း အပန်းဖြေဥယာဉ်၊ ၁၃ မိုင် View Point၊ မန္တလေး Water Boom ဟိုတယ်နှင့် အပန်းဖြေစခန်း စုစုပေါင်း ၁၅ ခုရှိရာ ၎င်းလုပ်ငန်းများသည် တရားဝင် လိုင်စင်ရှိ/မရှိနှင့် အကယ်၍ လိုင်စင်ရှိပါက နိုင်ငံတော်ဘဏ္ဍာငွေ သို့မဟုတ် တိုင်းဘဏ္ဍာငွေအခွန်ရရှိမှု ရှိမရှိ သိလိုကြောင်း မေးမြန်းခဲ့သည်။

မေးခွန်းနှင့်ပတ်သက်ပြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်မိုးသက် က " အပန်းဖြေ စခန်း ၁၅ခုအနက် ရမိုင်အပန်းဖြေစခန်းနှင့် Mandalay Water Boom နှစ်ခုသည် အခြားနည်းခွင့်ပြုချက်ဖြင့် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ဖြင့် လာရောက်လျှောက်ထားသောကြောင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အခွန်စည်းကြပ်ကောက်ခံပြီးလုပ်ငန်းလိုင်စင် ထုတ်ပေးထားကြောင်း၊ ၂၀၁၈ ခုနှစ်တွင် မန္တလေး Water Boom အပန်းဖြေစခန်းအမည်ဖြင့် ဟိုတယ်လုပ်ငန်းလိုင်စင်လျှောက်ထားရာ တိုင်းဒေသကြီး ရေအရင်းမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကတဆင့် ပို့ဆောင်ရေးဝန်ကြီးဌာနသို့ တင်ပြခဲ့ရာ ကမ်းနားနှင့်ပေ ၁၅၀ အတွင်းအဆောက်အဦးဆောက်မည်ဆိုပါက တိုင်းဒေသကြီး ရေအရင်းမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန သဘောထားမှတ်ချက်ကို ရယူသွားရမည်ဟု အကြောင်းပြန်ကြားခဲ့ကြောင်း၊ ယင်းအပန်းဖြေစခန်းများကို ပြည်တွင်းအခွန်များဦးစီးဌာနမှ နှစ်စဉ် အခွန်စည်းကြပ်ကောက်ခံမှုများရှိသော်လည်း ကမ်းနားနယ်နိမိတ်တွင်ပါဝင်သည့် အပန်းဖြေစခန်းများအား ရေအရင်းမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကမ်းနားနှင့်ခွင့်ပြုခ ကောက်ခံခြင်းမရှိသေးသည်ကို တွေ့ရကြောင်း၊ မန္တလေးတိုင်းဒေသကြီး ရေအရင်းမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀ ရက် ၅ လ ၂၀၂၂ မန္တလေးတိုင်းဒေသကြီး ဆိပ်ကမ်းများ၊ သင်္ဘောဆိပ်များ၊ ဆိပ်ခံများဥပဒေအရ ၃ မိုင်သဘာဝ ကမ်းသာယာအပန်းဖြေစခန်း၊ ၅ မိုင်ပြည်သူ့နန်းတော်အပန်းဖြေစခန်း၊ ၇ မိုင်ကမ်းခြေအပန်းဖြေစခန်း၊ ၁၃ မိုင် ဖလန်းဖလန်းအပန်းဖြေဥယာဉ်၊ မန္တလေး Water Boom အပန်းဖြေစခန်းတို့အား ဆိပ်ကမ်းနယ်အတွင်းခွင့်ပြုချက်မဲ့ အဆောက်အဦများ ဆောက်လုပ်မှုဖြင့်တရားစွဲဆိုခဲ့ကြောင်း၊ ဒုဋ္ဌဝတီမြစ်ကြောင်းတလျှောက် အပန်းဖြေစခန်းများကို တရားဝင်လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေးအတွက် ကမ်းနားနယ် ပေ ၁၅၀ အတွင်းရှိ မြေဧရိယာများကို ကမ်းနားနယ် ခွင့်ပြုခများ ကောက်ခံပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေအတွင်း ပေးသွင်းဆောင်ရွက်နိုင်​ရေးအတွက် အခွန်အခကောက်ခံနိုင်ရန် မန္တလေးတိုင်းဒေသကြီး ဆိပ်ကမ်းများ၊ သင်္ဘောဆိပ်များ၊ ဆိပ်ခံများဥပဒေ ပုဒ်မ ၃ အရ၊ အစည်းဝေးပြုလုပ်ခဲ့ပြီး အစည်းအဝေးဆုံးဖြတ်ချက်အရ ကောက်ခံမည့် အခွန်အခနှုန်းထားများကို ထုတ်ပြန်သွားမည်ဖြစ်ကြောင်း၊ လက်ရှိတွင် တရားဝင်လိုင်စင်ထုတ်ပေးထားသည့် အပန်းဖြေစခန်း ၂ ခုမှလွဲပြီး လိုင်စင်မရှိဘဲ ဖွင့်လှစ်ထားသည့် အပန်းဖြေစခန်း ၁၃ ခုကိုလုပ်ငန်းလိုင်စင်ရရှိအောင်သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းများနှင့် အညီ တင်ပြလျှောက်ထားရန် ညွှန်ကြားသွားမည်ဖြစ်ပြီး တရားဝင်လိုင်စင်မရှိပါက လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်" ဟု ပြန်လည်ဖြေကြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group