Myanmar National Post

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ကြမည့် နိုင်ငံ့သားကောင်းများ၏ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၅)သင်တန်း ဆင်းပွဲများ ကျင်းပပြုလုပ်










နေပြည်တော်၊ ဩဂုတ် ၁၄

နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီ ညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေး သုံးပါးကို စောင့်ထိန်းရန်တာဝန်ရှိသဖြင့် ယင်းတာဝန်များကိုထမ်းဆောင်နိုင်ရန်အတွက် စိတ်အားထက်သန်စွာ လာရောက်စာရင်းပေးသွင်းကြသည့် လူငယ်များကို ပြည်သူ့ စစ်မှုထမ်းသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၂၅)သင်တန်းဆင်းပွဲ အခမ်းအနားများကို ယနေ့တွင် တိုင်းစစ်ဌာနချုပ် များအလိုက် နယ်မြေခံသင်တန်းကျောင်း အသီးသီး၌ ကျင်းပပြုလုပ်ကြသည်။

အဆိုပါ သင်တန်းဆင်းပွဲများကို သင်တန်းဆင်းစစ်ရေးပြ အစီအစဉ်အတိုင်း ဆောင်ရွက်ကြပြီး သင်တန်းသားများက နိုင်ငံတော်အလံကိုကိုင်၍ ကတိသစ္စာခံယူ ကြသည်။ ထို့နောက် သင်တန်းကျောင်းများအလိုက် သက်ဆိုင်ရာတာဝန်ရှိသူများက သင်တန်းဆင်းအမှာစကားများ အသီးသီးပြောကြားကြပြီး သင်တန်းဆင်းထူးချွန်ဆု ရရှိသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

သင်တန်းဆင်းပွဲ အခမ်းအနားများအပြီးတွင် သင်တန်းဆင်းပွဲများသို့ တက်ရောက်ကြသော နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက် ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူ များက သင်တန်းကျောင်း ခန်းမများ၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၅)မှ သင်တန်းဆင်း နိုင်ငံ့သားကောင်းစစ်သည်များအား တွေ့ဆုံအမှာစကား ပြောကြားပြီး ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်အားပေးကြသည်။

အဆိုပါ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၅)မှ သင်တန်းသားများကို ကြံ့ခိုင်ရေးဘာသာရပ်၊ စစ်ရေးပြဘာသာရပ်၊ စစ်နည်းဗျူဟာဘာသာရပ် စသည့် ဘာသာရပ်များနှင့် အထွေထွေဘာသာရပ်များကို အဆင့်ဆင့် လေ့ကျင့်သင်ကြားပေး ခဲ့ကြကြောင်း သိရှိရသည်။

ယနေ့တွင် သင်တန်းဆင်းခဲ့ကြသည့် ပြည်သူ့စစ်မှုထမ်း နိုင်ငံ့သားကောင်း စစ်သည်များသည် အဖွဲ့အစည်းဖြင့် စနစ်တကျ လုပ်ကိုင်ဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိခဲ့ကြပြီး နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်၊ အဖွဲ့အစည်းစိတ်၊ ရဲဘော်ရဲဘက်စိတ်၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်စောင့် ရှောက်လိုသည့်စိတ် အပြည့်အဝဖြင့် တာဝန်ကျရာ တပ်ရင်း/တပ်ဖွဲ့အသီးသီးသို့ သွားရောက်၍ ဂုဏ်ယူစွာဖြင့် တာဝန်ထမ်းဆောင်ကြတော့မည်ဖြစ်သည်။

နိုင်ငံတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသားများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ပေးလျက်ရှိပြီ။ နိုင်ငံသားများအနေဖြင့်လည်း နိုင်ငံ့တာဝန်များကို ထမ်းဆောင်ကြရမည်ဖြစ်သည်။ ယင်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ရန်ဆန္ဒရှိကြသည့် နိုင်ငံ့သားကောင်းများသည် ပြည်သူ့စစ်မှုထမ်း သင်တန်းများ တက်ရောက်ကာ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်နေကြပြီဖြစ်သည်။

ထို့နောက် ညပိုင်းတွင် ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၂၅)မှ နိုင်ငံ့ သားကောင်းစစ်သည်များကို သင်တန်းဆင်းဂုဏ်ပြု ညစာစားပွဲများကို သင်တန်း ကျောင်းအသီးသီး၌ ပြုလုပ်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။


#Myanmar #News

မူရင်းသတင်း — Myanmar National Post