Eleven Media Group

■ ရှမ်းပြည်နယ်တွင်းရှိ မြို့ရွာများတွင် အိမ်ခြံမြေများကို ပိုင်ဆိုင်မှုခိုင်မာစေ​ရေး ဂရမ်များကွင်းဆင်း​ဆောင်ရွက်​ပေးရန်နှင့် ဘဏ္ဍာအခွန်ရရှိစေရန်နှင့် ငွေကြေးခဝါချမှုထိန်းချုပ်ရန် အိမ်ခြံမြေအကျိုးဆောင်များနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများအ​နေဖြင့် အရောင်းအဝယ်စာချုပ်မိတ္တူများကို မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊ အခွန်ရုံးနှင့် မြေစာရင်းရုံးများသို့ပေးပို့ရန် ညွှန်ကြားချက်ထုတ်ပြန်​ပေး​ရေး ပြည်နယ်လွှတ်တော်တွင် မေးမြန်း

ရှမ်းပြည်နယ်တွင်းရှိ မြို့ရွာများတွင် အိမ်ခြံမြေများကို ပိုင်ဆိုင်မှုခိုင်မာစေ​ရေး ဂရမ်များကွင်းဆင်း​ဆောင်ရွက်​ပေးရန်နှင့် ဘဏ္ဍာအခွန်ရရှိစေရန်နှင့် ငွေကြေးခဝါချမှုထိန်းချုပ်ရန် အိမ်ခြံမြေအကျိုးဆောင်များနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများအ​နေဖြင့် အရောင်းအဝယ်စာချုပ်မိတ္တူများကို မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊ အခွန်ရုံးနှင့် မြေစာရင်းရုံးများသို့ပေးပို့ရန် ညွှန်ကြားချက်ထုတ်ပြန်​ပေး​ရေး ကွတ်ခိုင်မြို့နယ် ကိုယ်စားလှယ် အမှတ်(၂) မှ ဦးဌေးဝင်းလှိုင်က ပြည်နယ်လွှတ်တော်တွင် မေးမြန်းခဲ့သည်။

ရှမ်းပြည်လွှတ်တော် တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် တတိယပုံမှန် အစည်းအဝေး ဒုတိယနေ့ ကို ဩဂုတ် ၁၄ ရက် တွင် ကျင်းပခဲ့ခြင်း ဖြစ်ကာ လွှတ်တော်ကိုယ်စားလှယ် ၁၅ ဦး က မေးခွန်းများ မေးမြန်းဆွေးနွေးခဲ့သည်။

ကွတ်ခိုင်မြို့နယ် ကိုယ်စားလှယ် အမှတ်(၂) မှ ဦးဌေးဝင်းလှိုင်က"ကျွန်တော့်အနေနဲ့ အိမ်ခြံမြေများနှင့်ပတ်သက်ပြီး အပိုင်း ၃ ပိုင်း ခွဲပြီး မေးမြန်း ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။ ပထမတစ်ခုကတော့ ပိုင်ဆိုင်မှုခိုင်မာစွာမရှိသော အိမ်ခြံမြေများကို မည်သို့ကွင်းဆင်း ဆောင်ရွက်ပေးမည်ကို မေးမြန်းမှာပါ၊ ရည်ရွယ်ချက်ကတော့ ပြည်သူအများစုဟာ ၁၀၅ ပုံစံ တွေ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူး တို့ရဲ့ ထောက်ခံချက် တွေနဲ့ ခိုင်မာမှု မရှိဘဲ နေထိုင်ကြတာကို လေ့လာတွေ့ရှိရပါတယ်။ တချို့ဆိုရင် စလစ်မြေ ပါမစ်မြေ များကို ဂရမ်မပြောင်းနိုင်ဘဲ နေထိုင်ကြရပါတယ်။ ဖော်ပြပါ မြေအမျိုးအစားများကို ဂရမ်မြေအဖြစ် ကွင်းဆင်း ဆောင်ရွက်ပေးရန် ရှိမရှိ မေးမြန်း လိုပါတယ်" ဟု​ပြောကြားသည်။

ထို့ပြင် ရောင်းခွန် ဝယ်ခွန်မဆောင်ဘဲ အမည်ပြောင်း ဂရမ်မပြုလုပ်သောအိမ်များကို မည်သို့ စစ်ဆေး ဆောင်ရွက်ရန် မေးမြန်းလို​ကြောင်း၊ ထိုသို့​မေးမြန်းရခြင်းမှာ နိုင်ငံတော် ဘဏ္ဍာငွေရရှိရေးနှင့် ငွေကြေးခဝါချမှုများကို ထိန်းချုပ်နိုင်စေရေးဖြစ်​ကြောင်း၊ ဝင်ငွေရလမ်း မဖော်ပြနိုင်သော အခွန်တိမ်းရှောင်နေသော စီးပွားရေးလုပ်ငန်းရှင်တချို့သည် အိမ်ခြံမြေ စျေးကွက်ထဲသို့ ဝင်ရောက် ရင်းနှီးမြုပ်နှံလာကြခြင်းဖြစ်​ကြောင်း၊ ၎င်းတို့၏ ရည်ရွယ်ချက်သည် အခွန်ရှောင်ရ လွယ်ကူခြင်း ၊ ရောင်းလို ဝယ်လိုအားကောင်းခြင်း ၊ အမြတ်ရရန် သေချာခြင်းတို့ကြောင့် ရင်းနှီးမြုပ်နှံ လာကြခြင်းဖြစ်​ကြောင်း ကွတ်ခိုင်မြို့နယ် ကိုယ်စားလှယ် အမှတ်(၂) မှ ဦးဌေးဝင်းလှိုင်က ​​မေးခွန်းတွင်ထည့်သွင်း​ပြောကြားသည်။

"အိမ်ခြံမြေ ရောင်းဝယ်ခြင်း လုပ်ငန်းအပေါ်မှ နိုင်ငံတော်အခွန်ငွေ ရရှိစေရေး အကြံပြုတင်ပြလိုပါတယ်။ အိမ်ခြံမြေ အရောင်းအဝယ် ပြုလုပ်တိုင်းမှာ အိမ်ခြံမြေ အကျိုးဆောင် များ နှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ ပါဝင်သိရှိ ဆောင်ရွက်ကြရပါတယ်။ အိမ်ခြံမြေ လုပ်ငန်းဆိုင်ရာ သင်တန်းတက်ပြီးသော အကျိုးဆောင်များသာလျှင် ဆောင်ရွက်ခွင့်ပြုထားသည့်အတွက် ဥပဒေကို နားလည်သိရှိသူများ ဖြစ်ပါတယ်။ အဆိုပါ အကျိုးဆောင်များနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ အနေဖြင့် အိမ်ခြံမြေ အရောင်းအဝယ် ပြုလုပ်တိုင်း စာချုပ် မိတ္တူများကို သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူး ရုံး၊ ပြည်တွင်း အခွန်ရုံး နှင့် မြေစာရင်း မှတ်ပုံတင် ရုံးများသို့ မိတ္တူပေးပို့ရန် ညွှန်ကြားချက် ထုတ်ပြန်သင့်ပါတယ်။ သက်ဆိုင်ရာ ဌာန များမှလည်း သင့်တင့်သော လုပ်ထုံးလုပ်နည်းနှင့်အညီ လွယ်ကူ လျှင်မြန် စွာ ဆောင်ရွက်ပေးဖို့ လိုပါမယ်။ ယခု လက်ရှိ လုပ်ငန်းစဉ်အရ အိမ်ခြံမြေဝယ်ယူပြီး အမည်ပြောင်း ဆောင်ရွက်တော့မယ်ဆိုရင် လုပ်ငန်းစဉ်များမှာ အရပ်စာချုပ်ချုပ်ရပါတယ်။ မြေစာရင်းရုံးမှာ အရောင်းအဝယ် စာချုပ်ချုပ်ဆိုရန်ဆိုပြီး ၁၀၅ ရေးဆွဲခွင့် တင်ရပါတယ်။ အနည်းဆုံး ၁၀ ရက် ၁၅ ရက် ခန့် ကြာပါတယ်။ ပြည်တွင်းအခွန်မှာ အခွန်ဆောင်ရန်အတွက် ဆယ်ရက် ၁၅ ရက် ကြာပါတယ်။ ပြည်တွင်းအခွန်မှာ ကြာရတဲ့ အကြောင်းရင်းမှာ မြို့နယ်ဦးစီးမှူးတွေရဲ့ ဆုံးဖြတ်ချက် နဲ့ မရဘဲ စံနှုန်းတန်ဖိုးအလိုက် ပြည်နယ်ရုံးချုပ်များသို့ တင်ပြရခြင်းကြောင့် ဖြစ်ပါတယ်။ သိန်း ၃၀၀၀ နှင့် အထက် ဆိုလျှင် နေပြည်တော် ရုံးချုပ် သို့ တင်ပြခွင့်ပြုချက် ယူရကြောင်း လေ့လာသိရှိရပါတယ်။ အခွန်ဆောင်ပြီးလျှင် မြေစာရင်း မြေယာမှတ်ပုံတင်ဌာနမှာ စာချုပ်ချုပ်ဖို့ ဆောင်ရွက်ရန်မှာလည်း တစ်ပတ်ခန့်ကြာပါတယ်။ စာချုပ်ချုပ်ဆိုပြီးလျှင် ဂရမ်အမည်ပြောင်းလျှောက်ရန် ၁၀၅ နောက်ထပ် တစ်ခုထပ်ပြီးရေးဆွဲခွင့်တင်ရတာ ၁၅ ရက်ခန့် ကြာပါတယ်။ ၁၀၅ ရေးဆွဲပြီးပါက အမှုတွဲ တည်ဆောက်ပြီးပြီဆိုလျှင် ခရိုင်ထွေအုပ်ရုံးကို တင်ရပါတယ်။ ခရိုင်ထွေအုပ်မှ မြို့နယ်ထွေအုပ်ကို ပြန်ပြီး ကွင်းဆင်းရန် ချပေးပါတယ်။ မြို့နယ် ထွေအုပ်ကနေ ကန့်ကွက်ရန် မရှိပါကြောင်း သတင်းစာထဲမှာ ၂၁ ရက် စောင့် ရပါတယ်။ ပြီးရင် မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့က ကွင်းဆင်းတယ်။ နံပါတ် ၉ အဆင့် ခရိုင်ထွေအုပ်ကို ဆက်တင်ရပါတယ်။ ခရိုင် ထွေအုပ် အဖွဲ့က ကော်မတီ အစည်းအဝေးလုပ်ပြီး ကွင်းဆင်း စစ်ဆေးပါတယ်။ လုပ်ငန်းစဉ် အဆင့် ၉ ဆင့် ပြီးမှ သာလျှင် နောက်ဆုံးအဆင့် ခရိုင်ကော်လိတ်တော် အရာရှိ မှ ဂရမ်မှာ လက်မှတ်ရေးထိုးပြီး ကာယကံရှင် ကိုယ်တိုင် သွားရောက် ထုတ်ယူရတာ ဖြစ်ပါတယ်။ စုစုပေါင်း ဂရမ်မြေ တစ်ခု အမည်ပြောင်း ဆောင်ရွက်မယ် ဆိုရင် ၅ လ နီးပါး ကြာပါတယ်ဗျ။ ဒါလည်း တရားရုံးတွေမှာ လျှောက်တာတွေ မပါသေးဘူးဗျ။ ရိုးရိုးကိစ္စပဲဖြစ်ပါတယ်။ ဝန်ထမ်းများရဲ့ အခက်အခဲကိုလည်း နားလည်သိရှိပါတယ်။ သို့ဖြစ်ပါ၍ နိုင်ငံတော် ဝင်ငွေ ရရှိရေး အတွက် လုပ်ငန်းစဉ်များ ကြန့်ကြာမှု မရှိစေရေး ဖြေလျော့လို့ ရသော လုပ်ငန်းစဉ်များကို ဖြေလျော့ပေးနိုင်ပါရန် အကြံပြု မေးမြန်းရခြင်း ဖြစ်ပါတယ်"ဟု ကွတ်ခိုင်မြို့နယ် ကိုယ်စားလှယ် အမှတ်(၂) မှ ဦးဌေးဝင်းလှိုင်က ​ပြောကြားသည်။

ထို့အတူ လူနေအိမ် ဆောက်လုပ်ရန် ခွင့်ပြုချထားပေးသော မြေကွက်များအပေါ် နေအိမ်ဆောက်လုပ်ခြင်းမရှိဘဲ နှစ်ရှည်လများ ခြုံနွယ်များဖြင့် ပစ်ထားသော မြေကွက်များစွာ ရှိနေသည်ကိုသိရှိရ​ကြောင်း၊ ပိုင်ရှင်အဆင့်ဆင့် ရောင်းဝယ်ထားပြီး အမည်ပြောင်းဂရမ် မပြုလုပ်ဘဲ အခွန်တိမ်းရှောင်နေကြခြင်း ဖြစ်​ကြောင်း၊ အချို့သော မြေကွက်များသည် ပိုင်ရှင်မဲ့များဖြစ်နေပြီး နှစ် ၃၀ ဂရမ် ရရှိထားသော်လည်း သက်တမ်းမတိုးဘဲ ယနေ့အချိန်ထိ နေအိမ်ဆောက်လုပ် နေထိုင်ခြင်းမရှိသည်ကို တွေ့ရှိရ​ကြောင်း၊ ခြုံနွယ်ပိတ်ပေါင်းများဖြင့် ဘေးပတ်ဝန်းကျင် နေအိမ်များကို အနှောက်အယှက် ဖြစ်စေသည့်အတွက် မည်သို့အရေးယူ ဆောင်ရွက်မည်ကိုသိလိုပါကြောင်းနှင့် ယခင်က အရေးယူ ခဲ့ခြင်း ရှိ မရှိ သိလို၍ ပြည်နယ်လွှတ်တော်ဥက္ကဌကြီးမှ တဆင့် နိုင်ငံတော်ဘဏ္ဍာငွေရရှိစေရေးနှင့် ငွေကြေး ခဝါချမှုများကို ထိန်းချုပ်နိုင်စေရေးအတွက် ရည်ရွယ် မေးမြန်းခြင်း ဖြစ်​ကြောင်း ကွတ်ခိုင်မြို့နယ် ကိုယ်စားလှယ် အမှတ်(၂) မှ ဦးဌေးဝင်းလှိုင်က ​ပြောကြားသည်။

အဆိုပါ ​မေးခွန်းများနှင့်ပတ်သက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဦးလင်းအောင်ဆွေက ရှမ်းပြည်နယ်အတွင်း ပိုင်ဆိုင်မှု ခိုင်မာစွာမရှိသော သို့မဟုတ် တရားဝင် စာရွက်စာတမ်း အထောက်အထား အပြည့်အစုံမရှိသော မြေယာများအား ဥပဒေနှင့် အညီ ပိုင်ဆိုင်မှု ခိုင်မာစေရေး အတွက် ပထမဦးစွာ မြေအမျိုးအစားခွဲခြား၍ လယ်ယာမြေဖြစ်ပါက လယ်ယာမြေကို အသုံးပြုခွင့်ရရှိထားသူသည် လုပ်ပိုင်ခွင့်ရရှိရန် သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်စု လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့မှတဆင့် လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ် ပုံစံ (၇) ရရှိရေး လျှောက်ထားလာပါက လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်အနေဖြင့် လယ်ယာမြေ ဥပဒေ နည်းဥပဒေများပါ ပြဌာန်းချက် များနှင့်အညီ လယ်ယာမြေ လုပ်ပိုင်ခွင့် လက်မှတ် ပုံစံ (၇) ထုတ်ပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန မှ အမိန့်ကြော်ငြာစာဖြင့် မြို့မြေပြန်တမ်း ထုတ်ပြန်ထားတဲ့ မြို့မြေဖြစ်ပါက မြို့မြေ အတွင်း မြေပိုင်ဆိုင်ခွင့် ရရှိထားသူသည် လိုင်စင် သို့မဟုတ် အငှားဂရမ် လျှောက်ထားလာပါက ၁၈၈၉ ခုနှစ် အထက်မြန်မာနိုင်ငံ မြေနှင့် အခွန်စည်းမျဉ်းဥပဒေ ၊ ၁၈၉၈ ခုနှစ် အောက်မြန်မာနိုင်ငံ မြို့နှင့် ကျေးရွာမြေများ အက်ဥပဒေ ပါ ပြဌာန်းချက်များနှင့်အညီ တစ်ဧကအထိ မြေပိုင်ဆိုင်မှုများကို ခရိုင်အုပ်ချုပ်ရေးမှူး ကော်လိတ်တော်အရာရှိမှ လည်းကောင်း ၊ တစ်ဧကမှ ငါးဧက အထိ ပြည်နယ် အုပ်ချုပ်ရေးမှူး၏ ခွင့်ပြုချက်ဖြင့် ခရိုင်အုပ်ချုပ်ရေးမှူး ကော်လိတ်တော် အရာရှိမှလည်းကောင်း ၊ ငါးဧကနှင့် အထက် ပိုင်ဆိုင်မှုများကို ညွှန်ကြားရေးမှူးချုပ်၏ ခွင့်ပြုချက်ဖြင့် ခရိုင် အုပ်ချုပ်ရေးမှူး ကော်လိတ်တော် အရာရှိမှ လည်းကောင်း ၊ လိုင်စင် သို့မဟုတ် အငှားဂရမ် ချထားဆောင်ရွက်ပေးလျက် ရှိပါကြောင်း မြို့မြေ ရွာမြေ နှင့် အခြားနည်း သုံးစွဲခွင့်ရရှိထားသော မြေများအား စက်မှု စီးပွား မြေငှားဂရမ်သစ် လျှောက်ထားလာမှုနှင့် ပတ်သက်၍ မြေဧရိယာ မည်မျှပင် ဖြစ်စေ ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ် အစိုးရ၏ သဘောတူညီချက်ဖြင့် အထွေထွေ ဦးစီးဌာန ရုံးချုပ်သို့ တင်ပြခွင့်ပြုချက် ရရှိပြီးမှသာ ခွင့်ပြုထုတ်ပေးသွားရန် အထွေထွေ ဦးစီးဌာန ရုံးချုပ်၏ ၂၀-၄-၂၀၂၂ ရက်စွဲပါ စာအမှတ် ၃၀/၂-၆/၁(၉၅၉) ဖြင့် အကြောင်းကြားထားရှိပါသဖြင့် ခွင့်ပြုချက် ရရှိမှသာ ခရိုင်အုပ်ချုပ်ရေးမှူး ကော်လိတ်တော် အရာရှိမှ စက်မှု စီးပွား မြေငှားဂရမ်များအား ထုတ်ပေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ​ဖြေကြားသည်။

"မြေလက်ဝယ် ပိုင်ဆိုင်ထားမှုမှ မိမိအမည်ပေါက်ရရှိရေး မူလ မြေ၏ ပိုင်ဆိုင်မှု အထောက်အထားပေါ် မူတည်ပြီး ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ၊ ဥပမာ ဂရမ်ရရှိပြီး မြေဖြစ်ပါက သက်ဆိုင်ရာ အခွန်ဦးစီးဌာနတွင် ရောင်းခွန်ဝယ်ခွန် တံဆိပ်ခေါင်းခွန်များပေးဆောင်၍ သက်ဆိုင်ရာ စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွင် စာချုပ်မှတ်ပုံတင်၍ သက်ဆိုင်ရာ မြေစာရင်းဦးစီးဌာန၏ မြေစာရင်း ပုံစံ ၁၀၅ ရေးကူးပြီး သက်ဆိုင်ရာ ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန တွင် မြေငှားဂရမ်များ လျှောက်ထားဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ပိုင်ဆိုင်မှု ခိုင်မာသော မြေ အရှုပ်အရှင်း ကင်းသောမြေ အစိုးရ စီမံခန့်ခွဲပိုင်ခွင့် ရှိသော မြေ၊ (မြို့မြေ) များအား အရပ်ကတိစာချုပ်ဖြင့် ပိုင်ဆိုင်မှု မရရှိသေးပါက ရှမ်းပြည်နယ် အစိုးရ အဖွဲ့သို့မြေစာရင်း ပုံစံ ၁၀၅ ရေးကူးခွင့်အား တင်ပြ လျှောက်ထားရမည် ဖြစ်ပြီး ၊ သက်ဆိုင်ရာ ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တွင်မြေငှားဂရမ် လျှောက်ထား ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ မြေကို လက်ဝယ်ပိုင်ဆိုင်ထားသူကသာ မိမိအမည်ပေါက် ရရှိရေး ဆောင်ရွက်မှသာလျှင် ဥပဒေ နည်းဥပဒေ လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆက်လက် ဆောင်ရွက်ပေးရမည် ဖြစ်ပြီး မြေဝယ် ပိုင်ဆိုင်သူများက မိမိ အမည်ပေါက် အိမ်ခြံမြေ ဂရမ်များအား ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေများဖြင့် ဦးစားပေးအလိုက် ရွေးချယ် ထားတဲ့ ကျေးရွာ များကို ကျေးရွာ မြေငှားဂရမ် ထုတ်ပေးလျက် ရှိရာ ယခုအချိန်ထိ ကျေးရွာပေါင်း ၅၅ ရွာ၊ ကျေးရွာ မြေငှား ဂရမ်ပေါင်း ၅၃၃၀ ခုအား ထုတ်ပေးဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း ၊ လက်ရှိ နိုင်ငံတော် အစိုးရသစ် ပထမ ရက် ၁၀၀ ကာလ အတွင်း မြေယာ အရှုပ်အရှင်း ကင်းတဲ့ မြို့နယ် ၁၆ မြို့နယ် ၊ ကျေးရွာ ၁၈ ရွာ အား ရွေးချယ် စိစစ်၍ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း လုပ်ငန်းများကိုလည်း မြေစာရင်း ဦးစီးဌာန များနှင့် ပေါင်းစပ်ကာ မြေပြင် စိစစ်မှုများ မြေယာပိုင်ဆိုင်မှုများ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ထို့ကြောင့် ပိုင်ဆိုင်မှု ခိုင်မာစွာ မရှိသော မြေများအား ပိုင်ဆိုင်မှု ခိုင်မာစေရေး ဆောင်ရွက်ရန် ကိစ္စ မှာ သက်ဆိုင်ရာ မြေပိုင်ရှင် များ၏ သဘောထားများနှင့် များစွာ သက်ဆိုင်မှု ရှိတဲ့အတွက် ကာယကံရှင် များမှ ၎င်းတို့မြေများအား ပိုင်ဆိုင်မှု ခိုင်မာစေရန် ကိုယ်တိုင် လာရောက် လျှောက်ထားစေရေး ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များမှ တဆင့် အသိပေးခြင်း ၊ ဌာန ဆိုင်ရာ များနှင့် ပူးပေါင်း၍ မြေပြင် ကွင်းဆင်း ဆောင်ရွက်သည့် အချိန်များ၌ အသိပေးချပြ၍ လျှောက်ထားစေခြင်းဖြင့် ပိုင်ဆိုင်မှု ခိုင်မာအောင် စီမံဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ပိုင်ဆိုင်ထားရှိမှု အနေဖြင့် အားသာချက် ရရှိမှု ၊ ပိုင်ဆိုင်မှု ခိုင်မာမှုများအား သိရှိနားလည်စေရန် အတွက် ရပ်ကွက် ကျေးရွာအုပ်စုများသို့ လစဉ် စစ်ကြောင်းကြီး ငါးကြောင်းဖြင့် ကွင်းဆင်း ဆောင်ရွက် ချိန်တွင်လည်း သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရုံး များမှ တဆင့် သိရှိစေရေး ညွှန်ကြားချက်များဖြင့်လည်းကောင်း၊ မြို့နယ် စာချုပ်စာတမ်းရုံးများတွင် ကြေညာ အသိပေးခြင်းဖြင့် လည်းကောင်း ၊ တွန်းအားပေး ဆောင်ရွက်ထားမည် ဖြစ်ပါကြောင်း"ဟု ပြည်နယ် စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဦးလင်းအောင်ဆွေက ​ဖြေကြားသည်။


ထို့ပြင် မြေကွက်များဝယ်ယူထားပြီး နေအိမ်ဆောက်လုပ်ခြင်းမရှိဘဲ လူနေရပ်ကွက်များတွင် ခြုံနွယ်များဖြင့် ပစ်ထားသော မြေကွက် များကို မည်ကဲ့သို့ ဆောင်ရွက်မည် ဆိုသော မေးခွန်းနှင့်ပတ်သက်၍ ရှမ်းပြည်နယ်တွင် မြေကွက်ဝယ်ယူထားပြီး နေအိမ်ဆောက်လုပ်ခြင်းမပြုဘဲ ခြုံနွယ် အမှိုက်များဖြစ်နေသော သက်ဆိုင်ရာ ရပ်ကျေး ၊ ကျေးရွာ အုပ်ချုပ်ရေး မှူး အဖွဲ့အစည်းများမှ တဆင့် မြေကွက် ပိုင်ရှင်အား ခြုံနွယ် အမှိုက်များရှင်းလင်းခြင်း ဆက်သွယ် စည်းရုံးခြင်း ၊ လိုက်နာမှု မရှိပါက တည်ဆဲ ဥပဒေ လုပ်ထုံးလုပ်နည်း များနှင့် အညီ အသိပေး ဆောင်ရွက်သွားမည်​ဖြစ်​ကြောင်း ပြည်နယ်ဝန်ကြီးက ​ပြောကြားသည်။

■ သတင်း နှင့် ဓါတ်ပုံ - စည်သာ(တောင်ကြီး)

မူရင်းသတင်း — Eleven Media Group