ရန်ကုန်၊ ဩဂုတ်-၁၅
ရန်ကုန့်မြို့တွင်းပြေးဆွဲနေသည့် YBS ယာဉ်စီးခများကို ယခင် ၄၀၀ ကျပ်မှ ယခု ကျပ် ၆၀၀ အထိ တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း YRTC မှသိရသည်။
စက်တင်ဘာလ ၁ ရက်ကစပြီး ကားခများကို ပြောင်းလဲကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
” မြို့ထဲက ၂၀၀ ကို ၃၀၀၊ ၄၀၀ ကို ၆၀၀ ပါ။ ယာဉ်ပြင်ဆင်စရိတ်တွေ များလို့လေ။ ယာဉ်ပြင်ဆင်စရိတ်တွေ တော်တော် ရှုံးနေလို့၊ အဲဒါကြောင့်။ ယာဉ်ပြင်စရိတ်တွေ တက်တော့ ကားတွေက မပြင်နိုင်တော့ ယာဉ်ထွက်နည်းတာပေါ့။ အရင်တုန်းက ကားအစီးရေ ၄,၀၀၀ လောက် ထွက်တာ၊ အခုက ၃,၂၀၀၊ ၃,၃၀၀ အဲလောက်ပဲ ထွက်နိုင်တယ်၊ အဲဒါကြောင့်။ အဲဒါ ယာဉ်တွေ ပုံမှန် ပြန်ထွက်နိုင်အောင် ဒီလို ပြင်ဆင်စရိတ်တွေ ကာမိအောင်ပါ” ဟု YRTC မှအတွင်းရေးမှူး ဦးလျန်ကျင့်မာန်က ပေါ်ပြူလာနယူးစ်သို့ ပြောသည်။
ကုန်စျေးနှုန်းအဆမတန်မြင့်တက်နေချိန် YBS ကားခကို တိုးမြှင့်ကောက်ခံခြင်းသည် အခြေခံလူတန်းစားတွေအတွက် အဆင်မပြေမှုများစွာရှိနေကြောင်း၊ ထို့ကြောင့် ယာဥ်စီးခနှုန်းထားကို သင့်တင့်မျှတသည့်စျေးနှုန်းသတ်မှတ်ရန် YBS စီး ခရီးသည်များက မှတ်ချက်ပြုထားသည်။
YRTC လက်အောက်တွင် YBS ယာဉ်အစီးရေ ၆ဝဝဝ ကျော်ရှိနေပြီး နေ့စဉ်ယာဉ်အစီးရေ ၃ဝဝဝ ခန့်ပြေးဆွဲ ပေးနေကြောင်း သိရသည်။