လေးမျက်နှာ၊ သြဂုတ်-၁၅
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအတွက် ရှမ်းယူနိုက်တက်အသင်းမိသားစုက လိုအပ်သည့် စားနပ်ရိက္ခာနှင့် ထောက်ပံ့ရေးပစ္စည်းများ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ရှမ်းယူနိုက်တက်အသင်း၏ ရေဘေးကူညီထောက်ပံ့ရေးခရီးစဉ်အဖြစ် လေးမျက်နှာမြို့နယ်၊ အိုင်သပြုကျေးရွာရှိ ရေဘေးသင့်ဒေသသို့ သွားရောက်ခဲ့ပြီး ဒေသခံများ လိုအပ်နေသည့် ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးပစ္စည်းများကို တာဝန်ရှိသူများထံ တိုက်ရိုက်ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်သည်။
အဆိုပါကူညီရေးခရီးစဉ်ကို ရှမ်းယူနိုက်တက် U-20 နည်းပြချုပ် ဦးဟန်ဝင်းအောင် ဦးဆောင်ခဲ့ပြီး စီနီယာအသင်းကစားသမားများဖြစ်သည့် ဂိုးသမား ပြည့်ဖြိုးအောင်နှင့် စအောင်ပြည့်ကိုတို့အပါအဝင် အသင်းတာဝန်ရှိသူများ ပါဝင်ခဲ့ကြသည်။
ရှမ်းယူနိုက်တက်အသင်းမိသားစုအနေ ဖြင့် ရေဘေးသင့်အိမ်ထောင်စု ၃၀၀ အတွက် ကြွေရည်သုတ်ပစ္စည်းများ၊ အသင့်စားစည်သွတ်ဘူးများ၊ ခေါက်ဆွဲခြောက်များ၊ ကော်ဖီမစ်နှင့် လက်ဖက်ရည်ထုပ်များ၊ ကိတ်နှင့် ပေါင်မုန့်များအပါအဝင် စားနပ်ရိက္ခာနှင့် လိုအပ်သည့် ထောက်ပံ့ရေးပစ္စည်းများကို ဒေသကယ်ဆယ်ရေးတာဝန်ရှိသူများထံ လက်ဝယ်အရောက် ပေးအပ်လှူဒါန်းခဲ့သည်။
ဓာတ်ပုံ-Shan United FC