
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့သို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့(သြဂုတ် ၁၈ ရက်) ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် ရုရှားဖက်ဒရေးရှင်နိုင်ငံ ဒူးမားလွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Vyacheslav Volodin နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ရုရှားနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာ ပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့သို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် မော်စကိုမြို့ရှိ ဒူးမားလွှတ်တော် အဆောက်အဦး အစည်းအဝေးခန်းမ၌ ဒူးမားလွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Vyacheslav Volodin နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
တွေ့ဆုံပွဲကျင်းပပြုလုပ်မည့် ဒူးမားလွှတ်တော်အဆောက်အဦးသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ရောက်ရှိကြရာ ဒူးမားလွှတ်တော်ဥက္ကဋ္ဌက ကြိုဆိုနှုတ်ပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့သည်။
ထို့နောက်တွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် ရုရှားဖက်ဒရေးရှင်နိုင်ငံ ဒူးမားလွှတ်တော်ဥက္ကဋ္ဌ တို့သည် ဒူးမားလွှတ်တော်အဆောက်အဦး အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင် အဖွဲ့ဝင်များအဖြစ် လိုက်ပါသွားသည့် ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ ဒေါက်တာချောချောစိန်၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးကိုကိုလွင်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးမျိုးမိုးအောင်နှင့်တာဝန်ရှိသူများတက်ရောက်ကြပြီး ဒူးမားလွှတ်တော်ဥက္ကဋ္ဌနှင့်အတူ တာဝန်ရှိသူများတက်ရောက်ကြသည်။