Eleven Media Group

■တောင်ပြုံးပွဲတော်ကာလ ကျပ်တစ်ထောင်ဖြင့်ပြေးဆွဲမည့်  သူရဲစျေး–တောင်ပြုန်းရထားခရီးစဉ်ဖွင့်ပွဲ ပြုလုပ်

တောင်ပြုံးပွဲတော်ကာလ ကျပ်တစ်ထောင်ဖြင့်ပြေးဆွဲမည့် သူရဲစျေး–တောင်ပြုန်းရထားခရီးစဉ်ဖွင့်ပွဲကို မန္တလေးတိုင်းအစိုးရအဖွဲ့သည် သြဂုတ် ၁၈ ရက်က တက်ရောက် လိုက်ပါစီးနင်းခဲ့ကြောင်း သတင်းရရှိသည်။

ဖွင့်ပွဲကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်အပါအဝင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်သူ့လွှတ်တော် ငွေစာရင်းကော်မတီဥက္ကဌ ဦးတေဇကျော်၊ မန္တလေးတိုင်းလွှတ်တော်ဥက္ကဌ ဦးအောင် ကျော်မိုးနှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ထို့နောက် ရထားခရီးစဉ်ဖြင့် တောင်ပြုံးပွဲတော်သို့ အစိုးရအဖွဲ့သွားရောက်ခဲ့ကြပြီး ဆုတောင်းပြည့် ဆုတောင်းရဘုရားအား ဖူးမြှော်ကြကာ တောင်းပြုံးမင်းနှစ်ပါးနန်းတွင်လည်း ရိုးရာအစဉ်လာတိုင်း တက်ရောက်ပူဇော်ခဲ့ကြသည်။

တောင်ပြုံးပွဲတော်ကာလအတွင်း အများပြည်သူ ဈေးသက်သာစွာဖြင့် ခရီးသွားလာနိုင်ရေးအတွက် သူရဲစျေး ဘူတာမှ တောင်ပြုံးဘူတာအထိ ရထားခရီးစဉ်ကို ဩဂုတ် ၁၉ ရက်မှ စက်တင်ဘာ ၁ ရက်အထိ နေ့စဉ် ပြေးဆွဲပေးမည်ဖြစ်ပြီး ရထားလက်မှတ်ခကို ခရီးသည်တစ်ဦးလျှင် ၁၀၀၀ ကျပ် သတ်မှတ်ထားပြီး ရထားခရီး စဉ်ကို တစ်နေ့လျှင် အသွားအပြန် နှစ်ခေါက် ပြေးဆွဲမည်ဖြစ်သည်။

သူရဲစျေးဘူတာမှ နံနက် ၇ နာရီတွင် ထွက်ခွာကာ တောင်ပြုံးဘူတာသို့ နံနက် ၇ နာရီ ၄၅ မိနစ်တွင် ရောက်ရှိ မည်ဖြစ်ကြောင်း တောင်ပြုံးဘူတာမှ နံနက် ၉ နာရီတွင် ပြန်လည်ထွက်ခွာကာ သူရဲစျေးဘူတာသို့ နံနက် ၉ နာရီ ၄၅ မိနစ်တွင် ပြန်လည်ရောက်ရှိမည် ဖြစ်သည်။

နေ့လည်ပိုင်းခရီးစဉ်အနေဖြင့် သူရဲစျေးဘူတာမှ နေ့လည် ၁ နာရီ ၃၀ မိနစ်တွင် ထွက်ခွာကာ တောင်ပြုံးဘူတာ သို့ နေ့လည် ၂ နာရီ ၁၅ မိနစ်တွင် ရောက်ရှိမည်ဖြစ်ပြီး တောင်ပြုံးဘူတာမှ ညနေ ၄ နာရီ ၁၅ မိနစ်တွင် ပြန်လည်ထွက်ခွာကာ သူရဲစျေးဘူတာသို့ ညနေ ၅ နာရီတွင် ရောက်ရှိမည်ဖြစ်သည်။

မန္တလေး - မတ္တရာ မီးရထားလမ်းပိုင်းကို ၂၀၁၉ ခုနှစ် သြဂုတ်လတွင် နောက်ဆုံးပြေးဆွဲခဲ့ကာ မန္တလေး - သရဲစျေးလမ်းပိုင်းတွင် လူစီးရထားပြေးဆွဲပေးခဲ့သော်လည်း ၂၀၂၂ ခုနှစ် မေလမှ ဇူလိုင်လအတွင်း ခရီးသည် စီးနင်းမှုမရှိသဖြင့် ၈ လပိုင်း ၄ ရက်နေ့မှ စပြီး ထိုရထားခရီးစဉ်ကို ဖျက်သိမ်းခဲ့ခြင်း ဖြစ်သည်။

မူရင်းသတင်း — Eleven Media Group