Eleven Media Group

ပဲခူးတိုင်း မိုးညိုမြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် စာသင်ကျောင်း ၇၉ ကျောင်း ယာယီပိတ်ထား

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် မိုးညိုမြို့နယ်အတွင်းရှိ မြစ်ကမ်းဘေး မြေနိမ့်ပိုင်းကျေးရွာအချို့၌ ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် အခြေခံပညာစာသင်ကျောင်းများအတွင်း မြစ်ရေများဝင်ရောက်ခဲ့သဖြင့် စာသင်ကျောင်း ၇၉ ကျောင်း ယာယီပိတ်ထားခဲ့ရကြောင်း သိရသည်။

အဆိုပါဧရာဝတီမြစ်‌ရေဝင်ရောက်မှုကြောင့် ကျေးရွာအုပ်စု ၂၉ အုပ်စု၊ ကျေးရွာ ၇၆ ရွာတို့ရှိ အခြေခံပညာမူလတန်းကျောင်း ၄၅ ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း ၂၆ ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း ရှစ်ကျောင်း၊ စုစုပေါင်း ၇၉ ကျောင်းတို့မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် မြစ်ရေ ပြန်လည်ကျဆင်းသည်အထိ ယာယီပိတ်ထားမည်ဖြစ်ပြီး မြစ်ရေကျဆင်းချိန်တွင် ပြန်လည်ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယာယီပိတ်ထားရသည့် စာသင်ကျောင်းများမှ ကျောင်းသား/သူများ စာသင်ချိန် သင်ခန်းစာများနောက်မကျစေရေး ကျောင်းပြန်လည် ဖွင့်ချိန်တွင် စာသင်ရက်များအစားထိုး၍ သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မူရင်းသတင်း — Eleven Media Group