
မြန်မာ - ထိုင်း နယ်စပ်စည်းခြား သောင်ရင်းမြစ်ရေသည် သြဂုတ် ၂၁ ရက်နေ့ က စိုးရိမ်ရေမှတ်ထက်ကျော်လွန်ကာ ၁၁၅၈ စင်တီမိတာထိ မြင့်တက်ခဲ့သော်လည်း ဩဂုတ်လ (၂၂)ရက် မွန်းလွဲပိုင်း မှစ၍ မြစ်ရေ ကျဆင်းလျက်ရှိပြီး ယနေ့ ညနေ ၆ နာရီ တိုင်းထွာချက်အရ ရေအမှတ် ၁၀၀၀ စင်တီမီတာ သို့ ဆက်လက်ကျဆင်း နေသည်။
ရေဘေးရှောင်စခန်းတစ်ခုသာ ပိတ်သိမ်းနိုင်သေးကာ ပြည်သူ ၂၃၀၀ ကျော် တို့မှာ ရေဘေးရှောင်စခန်း၌ နေထိုင် နေကြရဆဲဖြစ်ကြောင်းသိရသည်။
အနိမ့်ပိုင်း ရပ်ကွက်နေအိမ်အချို့မှာ နစ်မြုတ်နေဆဲ ဖြစ်၍ နေအိမ်သို့ ပြန်နိုင်ခြင်းမရှိဘဲ ယာယီရေဘေးကယ်ဆယ်ရေးစခန်းများ၌ ခို လှုံနေရဆဲဖြစ်ကြောင်းသိရသည်။
ရေပူတောင်ပေါ်ကျောင်း ယာယီရေဘေးရှောင်စခန်း တစ်နေရာသာ ပိတ်သိမ်းခဲ့ ပြီဖြစ်ပြီး ကျန်ရေဘေးရှောင်စခန်း ငါးခုဖြစ်သော အမှတ်(၃)ရပ်ကွက်ရှိ အဓိဌာန်အောင်စေတီဓမ္မာရုံ၊ ဓမ္မံရံအောင်ဓမ္မာရုံ၊ အမှတ်(၄) ရပ်ကွက်ရှိ တောရဘုန်းကြီးကျောင်း၊ကြခတ်တောဘုန်းကြီး ကျောင်း၊ အမှတ်(၅)ရပ်ကွက်ရှိ ကိုးနဝင်းကျောင်းတို့တွင် သြဂုတ်လ ၂ နာရီထိ စုစုပေါင်းလူဦးရေ (၂၃၄၆)ဦး ရေဘေးရှောင်နေထိုင် နေကြရဆဲဖြစ်သည်။
ထိုရေဘေးရှောင်ပြည်သူများအား မြဝတီခရိုင်/မြို့နယ် ဌာနဆိုင်ရာများဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသည့် သဘာဝဘေးတုံ့ပြန်ဆောင်ရွက်ရေးကော်မတီမှထိန်းသိမ်းစောင့်ရှောက်ထားပြီး ၎င်းတို့အတွက် စားနပ်ရိက္ခာများနှင့်ထောက်ပံ့ပစ္စည်းများကို မြဝတီခရိုင်သဘာဝမြဝတီခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးအဖွဲ့၊နယ်မြေခံတပ်နှင့် ပြင်ပအလှူရှင်များမှ ကူညီထောက်ပံ့ပေးလျှက်ရှိကြောင်းသိရသည်။