
မန္တလေးတိုင်း တောင်သာမြို့နယ်ရှိ တောင်သာမြို့နယ် သာပေါင်းလေးကျေးရွာရှိ မူလတန်းကျောင်း ခြံစည်းရိုးအနီး မိုင်းပေါက်ကွဲမှုကြောင့် ကျောင်းသား၊ ကျောင်းသူ ၁ဝ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါမိုင်းပေါက်ကွဲမှုမှာ အောက်တိုဘာ ၆ ရက် နံနက်ပိုင်းကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ဒဏ်ရာရရှိသည့် ကျောင်းသား ကျောင်းသူများကို မြင်းခြံခရိုင် ပြည်သူ့ဆေးရုံကြီး၌ ကုသပေးလျက်ရှိကြောင်း သိရသည်။
ယင်းပေါက်ကွဲမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့မှ ထုတ်ပြန်ထားရာတွင် အောက်တိုဘာ ၆ ရက် နံနက် ၁၀ နာရီ ၂၅ မိနစ်ခန့်တွင် မြင်းခြံခရိုင် ပြည်သူ့ဆေးရုံကြီး၌ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာရရှိထားသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ တောင်သာမြို့နယ်၊ သာပေါင်းလေးကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း(သာပေါင်းလေး)၌ ကျောင်းခြံစည်းရိုးအနီး PDF အဖွဲ့ကထောင်ထားသည့် မိုင်းတစ်လုံးပေါက်ကွဲခဲ့ မှုကြောင့် အဆိုပါကျောင်းမှ ကျောင်းသား/ကျောင်းသူများဖြစ်ကြသည့် သာပေါင်းလေးကျေးရွာနေ မောင်ဖြိုးသုတအောင်(၁၁)နှစ်၊ မောင်အောင်ဟိန်းခန့်(၁၃)နှစ်၊ မနှင်းယုမိုး(၁၁)နှစ်၊ မဟေမာစိုး (၁၁)နှစ်၊ မမိုးပြည့်ပြည့်ကို(၁၁)နှစ်၊ မခိုင်သဇင်(၁၀)နှစ်၊ မဂျူးဂျူးစံ(၁၂)နှစ်၊ မသဇင်နွယ်(၁၂)နှစ်၊ မဆောင်းသဇင်နှင်း(၁၃)နှစ်နှင့် မအိမြတ်နိုး(၁၂)နှစ်တို့တွင် ထိခိုက်ဒဏ်ရာများအသီးသီးရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ ကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။