

နေပြည်တော်၊ သြဂုတ် ၂၆
ပြည်ပခရီးစဉ်များမှ ပြန်လည်ရောက်ရှိပြီး ပထမဆုံးအကြိမ်ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် နိုင်ငံတော်သမ္မတ က ထိုင်းနိုင်ငံသို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများ၊ ရွှေ့ပြောင်းလုပ်သားများနှင့်ပတ်သက်၍ ၎င်းတို့သည် မြန်မာနိုင်ငံသားများပင်ဖြစ်သည့်အတွက် ၎င်းတို့ဘေးကင်းလုံခြုံရေးနှင့် အလုပ်သမားအခွင့် အရေးများ အပြည့်အဝရရှိစေရေး ဆွေးနွေးနိုင်ခဲ့ကြောင်း နိုင်ငံတော်သမ္မတ က ပြောကြားသည်။
၂၅-၈-၂၀၂၆ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် နိုင်ငံတော်သမ္မတ က အဖွင့်အမှာစကားပြောကြားရာတွင် မိမိအနေဖြင့် ဩဂုတ်လအတွင်း ထိုင်းနိုင်ငံ၊ ရုရှားဖက် ဒရေးရှင်းနိုင်ငံနှင့် ဘယ်လာရုစ်သမ္မတ နိုင်ငံတို့သို့ အဆိုပါနိုင်ငံများမှအကြီးအကဲများ၏ ဖိတ်ကြားချက်များအရ သွားရောက်ခဲ့ကြောင်း၊ ပထမဦးစွာထိုင်းနိုင်ငံသို့ သွားရောက်သည့်ခရီးစဉ်အတွင်း နှစ်နိုင်ငံနှင့်နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ဆက်ဆံမှုများ ပိုမိုတိုးတက် ခိုင်မာလာစေရေးနှင့် ဘက်ပေါင်းစုံပူးပေါင်းဆောင်ရွက်မှုများ၊ နယ်စပ်ဒေသ လုံခြုံတည်ငြိမ်အေးချမ်းရေးနှင့် ကုန်သွယ်မှုမြှင့်တင်ရေးဆိုင်ရာများ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာများနှင့်ပတ်သက်၍ ကျယ်ကျယ် ပြန့်ပြန့် ဆွေးနွေးနိုင်ခဲ့ကြောင်း၊ ထို့ပြင် ထိုင်းနိုင်ငံသို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများ၊ ရွှေ့ပြောင်းလုပ်သားများနှင့်ပတ်သက်၍လည်း ၎င်းတို့သည် မြန်မာနိုင်ငံသားများပင်ဖြစ်သည့်အတွက် ၎င်းတို့ဘေးကင်းလုံခြုံရေးနှင့် အလုပ်သမားအခွင့် အရေးများ အပြည့်အဝရရှိစေရေး၊ နှစ်နိုင်ငံဥပဒေများနှင့်အညီ အကာ အကွယ်ပေးနိုင်ရေး ထိုင်းနိုင်ငံဝန်ကြီးချုပ်၊ထိုင်းနိုင်ငံ အမျိုးသားလွှတ်တော်ယာယီဥက္ကဋ္ဌတို့နှင့် တွေ့ဆုံစဉ် အလေးအနက်ထား ထည့်သွင်းဆွေးနွေး နိုင်ခဲ့ကြောင်း။
မကြာသေးမီ ရက်ပိုင်းအတွင်းက သွားရောက်ခဲ့သည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံတို့သို့ ခရီးစဉ်များတွင်လည်း ချစ်ကြည်ရင်းနှီးမှုနှင့် ကူးလူး ဆက်ဆံမှုတိုးမြှင့်နိုင်ရေး၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေး၊ ပညာရေးနှင့် လျှပ်စစ်စွမ်းအင်ကဏ္ဍ၊ သိပ္ပံနှင့်နည်းပညာကဏ္ဍ၊ အာကာသနည်းပညာနှင့် အာကာသနည်းပညာနှင့် ကာကွယ်ရေး၊ စက်မှုလက်မှုကဏ္ဍများအပါအဝင် နယ်ပယ်စုံ ကဏ္ဍစုံမှအောင်မြင်သည့် ဆွေးနွေးမှုရလဒ်များ ထွက်ပေါ်လာအောင် ဆွေးနွေးဆောင်ရွက်နိုင်ခဲ့ကြောင်း ပြောကြားသည်။
အစည်းအဝေးသို့ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများတက်ရောက် ကြပြီး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencingဖြင့် တက်ရောက်ကြသည်။
#News #Myanmar