
သီရိလင်္ကာ၏တောင်ဘက်ကမ်းလွန်ပင်လယ်ပြင်တွင် ရောက်ရှိနေပြီး အမေရိကန်၏ ပိတ်ဆို့အရေးယူမှုခံထားရသော အီရန် ရေနံတင်သင်္ဘော ၁၁ စင်းပါ၀င်သောရေယာဉ်စုကို သီရိလင်္ကာရေကြောင်းအာဏာပိုင်များက စောင့်ကြည့်နေသည်ဟု နိုင်ငံခြားရေးဝန်ကြီးက ဩဂုတ် ၂၆ ရက်တွင် ပြောကြားခဲ့သည်။
အဆိုပါရေနံတင်သင်္ဘောများကို ဂေါလ် ဆိပ်ကမ်းနှင့် နီးစပ်သည့် ရေပြင်တွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။ လွန်ခဲ့သည့် မတ်လအတွင်းက အဆိုပါ ဆိပ်ကမ်းအနီးတွင် အီရန်စစ်သင်္ဘော 'IRIS Dena' ကို အမေရိကန် ရေငုပ်သင်္ဘောက တိုက်ခိုက်နှစ်မြှုပ်ခဲ့သဖြင့် အီရန်ရေတပ်သား ၁၀၄ ဦး သေဆုံးခဲ့ပြီး ထိုစစ်သင်္ဘောပေါ်မှအီရန်ရေတပ်သား ၃၂ ဦးကို သီရိလင်္ကာ ရေတပ်က ကယ်ဆယ်နိုင်ခဲ့သည်။
အီရန်ရေယာဉ်များသည် အမေရိကန်၏ ပိတ်ဆို့တားဆီးမှုများကြောင့် မိခင်ဆိပ်ကမ်းသို့ ပြန်လည်မထွက်ခွာနိုင်ဘဲ လမ်းခုလတ်တွင် သောင်တင်နေသည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။
သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီး ဗီဂျီသာဟာရတ်က အဆိုပါ ရေနံတင်သင်္ဘောများသည် အပြည်ပြည်ဆိုင်ရာ ရေပြင်တွင် ရောက်ရှိနေခြင်းဖြစ်ပြီး လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်ရှိသည်ဟု ပြောကြားခဲ့သည်။
"ဒီသင်္ဘောတွေဟာ ကျွန်တော်တို့ရဲ့ ပိုင်နက်ရေပြင် အပြင်ဘက်မှာ ရောက်နေတာပါ။ ကျွန်တော်တို့အနေနဲ့ သူတို့ကို ထိန်းချုပ်ခွင့်မရှိသလို၊ ကူညီပံ့ပိုးပေးထားတာမျိုးလည်းလုပ်လို့မရပါဘုး " ဟု ဝန်ကြီး ဟာရတ်က AFP ကို ပြောကြားခဲ့သည်။
သီရိလင်္ကာ ပိုင်နက်ရေပြင် ဧရိယာဖြစ်သော ရေမိုင် ၁၂ မိုင် အပြင်ဘက်တွင် ရောက်ရှိနေသည့် အဆိုပါ သင်္ဘောများကို စောင့်ကြည့်ရန် ကင်းထောက်လေယာဉ်များနှင့် ကင်းလှည့်ရေယာဉ်များကို စေလွှတ်ထား သည်ဟု အမည်မဖော်လိုသူစစ်ဘက်ဆိုင်ရာတာဝန်ရှိသူတစ်ဦးက AFP သို့ ပြောသည်။
"သင်္ဘောတစ်စင်းနဲ့တစ်စင်း ရေနံလွှဲပြောင်းတာ ဒါမှမဟုတ် တရားမဝင် လေထု/ရေထု ညစ်ညမ်းစေမယ့် စွန့်ပစ်ပစ္စည်း ထုတ်လွှတ်တာမျိုး လုပ်ဆောင်နေတဲ့ အထောက်အထား မတွေ့ရပါဘူး။ ဒါကြောင့် သီရိလင်္ကာ အာဏာပိုင်တွေအနေနဲ့ သူတို့ကို အရေးယူဖို့ လုံလောက်တဲ့ အကြောင်းပြချက် မရှိပါဘူး" ဟု အဆိုပါ စစ်ဘက်တာဝန်ရှိသူက ပြောကြားခဲ့သည်။
Ref:AFP
AFP photos