
အောက်တိုဘာ - ၁၁ ( တနင်္ဂနွေနေ့)
အိန္ဒိယနိုင်ငံမှာ စတားလင့်ခ် ဂြိုလ်တုဆက်သွယ်ရေး လုပ်ငန်းတွေ စတင်ဖို့ ကြန့်ကြာနေမှုအပေါ် အီလွန်မတ်စ် က ဝေဖန်မှုတွေကို ပိုမိုလုပ်နေလို့ နယူးဒေလီအစိုးရက ၎င်းတို့ရဲ့ ဂြိုဟ်တုခွင့်ပြုချက် လုပ်ငန်းစဉ်တွေဟာ ခွဲခြားဆက်ဆံမှုမရှိကြောင်း ငြင်းဆိုပြီး နာရီပိုင်းအကြာမှာပဲ အီလွန်မက်စ်က အိန္ဒိယ ဘီလီယံနာ မူကက်ရှ် အမ်ဘာနီ ကို တိုက်ရိုက် လက်ညှိုးထိုး ဝေဖန်ခဲ့ပါတယ်။
"အမ်ဘာနီက အိန္ဒိယရဲ့ စစ်မှန်တဲ့ သူဌေးကြီး မှဟုတ်ရဲ့ လား" လို့ အီလွန်မတ်စ်က ကြာသပတေးနေ့က အိတ်စ်ဆိုရှယ်မီဒီယာ မှာ မေးခွန်းထုတ်ခဲ့ပြီး သူ့ရဲ့ ဂြိုဟ်တု အင်တာနက်ဝန်ဆောင်မှုဟာ အိန္ဒိယရဲ့ သတ်မှတ်ချက်တွေကို လိုက်နာဖို့ ငါးနှစ်တိတိ အချိန်ကုန်ခံခဲ့ရပေမဲ့ လုပ်ငန်းလည်ပတ်ခွင့် မရသေးကြောင်း ထောက်ပြခဲ့ပါတယ်။
မူကက်ရှ် အမ်ဘာနီရဲ့ ရီလိုင်းရန့်စက်မှု ကုမ္ပဏီဟာ ရေနံမှ ဓာတုပစ္စည်းများ၊ ကြိုးမဲ့ဆက်သွယ်ရေး (တယ်လီကွန်)၊ လက်လီရောင်းဝယ်ရေး၊ မီဒီယာနဲ့ စိမ်းလန်းသော စွမ်းအင် စတဲ့ လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံထားတဲ့ အိန္ဒိယရဲ့ အကြီးဆုံး ပုဂ္ဂလိက ကော်ပိုရိတ်လုပ်ငန်းကြီး တစ်ခု ဖြစ်ပါတယ်။ Forbes မဂ္ဂဇင်းရဲ့ အဆိုအရ သူဟာ အိန္ဒိယရဲ့ ဒုတိယ အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ပြီး ကြွယ်ဝချမ်းသာမှု တန်ဖိုး ဒေါ်လာ ၈၆.၃ ဘီလီယံ ရှိပါတယ်။
မတ်စ်ရဲ့ အဲ့ဒီပို့စ်ကို အိန္ဒိယ အတိုက်အခံခေါင်းဆောင် ရာဟူး ဂန္ဒီ က ဝင်ရောက် မှတ်ချက်ပေးခဲ့ပြီး "အိန္ဒိယကို ကြိုဆိုပါတယ် အီလွန်။ ဟိုဘက်လူနဲ့ တွေ့တဲ့အထိ စောင့်ကြည့်ပါဦး" လို့ ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။
ရာဟူးဂန္ဒီဟာ "ဟိုဘက်လူ" ဆိုတဲ့ စကားနဲ့ အိန္ဒိယရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ် ဂေါတမ် အာဒါနီ ကို ရည်ရွယ်နေပုံ ရပါတယ်။ အာဒါနီဟာ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာ မိုဒီနဲ့ တစ်ပြည်နယ်တည်းကနေ ဆင်းသက်လာသူ တစ်ဦးဖြစ်ပြီး အစိုးရဆီကနေ အထူးအခွင့်အရေးတွေ ရရှိနေတယ်လို့ ရာဟူး ဂန္ဒီက အကြိမ်ကြိမ် စွပ်စွဲခဲ့ဖူးပါတယ်။
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်အီလွန်မက်စ်က အိန္ဒိယစားသုံးသူတွေအပေါ် "လက်ဝါးကြီးအုပ်ချုပ်ကိုင်မှု" ဆက်လက် ထိန်းသိမ်းထားနိုင်ဖို့အတွက် စတားလင့်ခ် ကို တားဆီးပိတ်ပင်နေကြတယ်လို့ စွပ်စွဲခဲ့ပါတယ်။ သူ့ရဲ့ အခုလို ဒေါသတကြီး ထုတ်ဖော်ပြောဆိုမှုတွေဟာ နယူးဒေလီမြို့မှာ ဝန်ကြီးချုပ် မိုဒီ တက်ရောက်ဖွင့်လှစ်ပေးခဲ့တဲ့ (၁၀) ကြိမ်မြောက် အိန္ဒိယမိုဘိုင်းကွန်ဂရက် ကျင်းပချိန်နဲ့ တိုက်ဆိုင်နေခဲ့ပါတယ်။ စတားလင့်ခ် ဟာ အိန္ဒိယတယ်လီကွန်းလိုင်စင်နဲ့ ၎င်းရဲ့ဂြိုဟ်တုအုပ်စုအတွက် ခွင့်ပြုချက်တွေကို ပိုင်ဆိုင်ထားပြီးသား ဖြစ်ပေမဲ့၊ ကူးသန်းရောင်းဝယ်ရေး ဝန်ဆောင်မှုတွေ မစတင်ခင်မှာ လုံခြုံရေးဆန်းစစ်ချက်နဲ့ ကြိမ်နှုန်းခွဲဝေမှု တွေကို အပြီးသတ်လုပ်ဆောင်ရဦးမှာ ဖြစ်ပါတယ်။
REF: RT
#News #Myanmar