
ဘဏ်၏ လုံခြုံရေးစနစ်များ ကျိုးပေါက်ခြင်း၊ ထိုးဖောက်ခံရခြင်းများမရှိဟု KBZ ဘဏ်က ထုတ်ပြန်သည်။
ဆိုက်ဘာဟက်ကာအဖွဲ့တစ်ခုဖြစ်သည့် The Crew ဆိုသည့်အဖွဲ့က KBZဘဏ်၊ AYA ဘဏ်အပါအဝင် အဖွဲ့အစည်းအချို့၏ အချက်အလက်များကို ရရှိထားသည်ဟု သြဂုတ် ၂၄ ရက်က X လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြပြီးနောက် KBZ ဘဏ်က ထုတ်ပြန်လာခြင်းဖြစ်သည်။
ကမ္ဘောဇဘဏ်အနေဖြင့် ဆိုင်ဘာလုံခြုံရေး စစ်ဆေးမှုများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း၊ဆိုင်ဘာလုံခြုံရေး နောက်ဆုံး စစ်ဆေးမှုများအရ ဘဏ်၏စနစ်များ လုံခြုံရေးကျိုးပေါက်ခြင်း၊ ထိုးဖောက်ဝင်ရောက်ခံရခြင်းမျိုး လုံးဝမရှိကြောင်း တွေ့ရှိရသည်ဟု KBZ က ကြေညာသည်။
ဟတ်ကာအဖွဲ့ The Crew ၏ ထုတ်ပြန်ချက်တွင် KBZ Bank ၏ အတွင်းရေးအချက်အလက်များ ရယူထားသည်ဟုဖော်ပြထားပြီး ဘဏ်အသုံးပြုသူ အကောင့် ၁၀ ခုခန့်၊ iBanking အကောင့်အနည်းငယ်၊ အီးမေးလ်လိပ်စာ၊ အသုံးပြုသူအမည်နှင့် စကားဝှက် ကုတ်များဖြင့် ဖော်ပြထားသည့် နမူနာ အချက်အလက်ကို X လူမှုကွန်ရက်စာမျက်နှာတွင် ကြေညာထားသည်။
The Crew အဖွဲ့၏ ဆိုက်ဘာတိုက်ခိုက်မှုဖော်ထုတ်ချက်များအား အတည်မပြုရသေးသည့် ကြေညာချက် (Unverified Claim) အဖြစ် ဆိုက်ဘာခြိမ်းခြောက်မှုများအား စောင့်ကြည့်နေသည့်အဖွဲ့များက ဆိုထားသည်။
The Crew ဆိုက်ဘာဟက်ကာအဖွဲ့သည် အချက်အလက်များ ဖောက်ထွင်းခံရသည့် ကုမ္ပဏီ၊ အဖွဲ့အစည်းများထံမှ ငွေညှစ်ရန်နှင့် အချက်အ လက်များကို ရောင်းစားရန် ရည်ရွယ်လှုပ်ရှားနေသည့် အဖွဲ့တစ်ခုဖြစ်ကြောင်း သိရသည်။