Eleven Media Group

■ စစ်ပွဲအတွင်း ထိခိုက်ပျက်စီးခဲ့သည့် လက်နက်စနစ်များကို ပြန်လည်တည်ဆောက်ပြီးစီးပြီဟု အီရန်စစ်တပ်ပြောကြား

​အရှေ့အလယ်ပိုင်းစစ်ပွဲအတွင်း လက်ရှိအချိန်အထိ ထိခိုက်ပျက်စီးခဲ့သော လက်နက်စနစ်အားလုံးကို ပြန်လည်တည်ဆောက်ထားပြီး စနစ်အသစ်များကိုလည်း နိုင်ငံအတွင်းသို့ တင်သွင်းထားသည်ဟု အီရန်စစ်တပ်က ဩဂုတ် ၂၆ ရက်တွင် ပြောကြားသည်။

​အီရန်နိုင်ငံပိုင်ရုပ်သံ၏ ဖော်ပြချက်အရ "ပျက်စီးသွားတဲ့ စနစ်တွေအပါအဝင် စစ်တပ်ရဲ့ တပ်ဖွဲ့ခွဲပေါင်းစုံမှ လက်နက်စနစ်တွေကို ပြန်လည်တည်ဆောက်ပြီးဖြစ်သလို၊ စနစ်သစ်တွေကိုလည်းတင်သွင်းထားပြီး ဖြစ်ပါတယ်" ဟု အီရန်စစ်တပ်ပြောရေးဆိုခွင့်ရှိသူ မိုဟာမက်အာခရီမီနီယားက ပြောကြားခဲ့သည်။

​၎င်းက "အမျိုးသားကာကွယ်ရေးစက်မှုဇုန်နဲ့ စစ်တပ်ကနေ စနစ်သစ်တွေ ရရှိထားသလို၊အချို့ကို ပြည်ပက‌နေတင်သွင်းထားတာကြောင့် ဒီစက်ပစ္စည်းကိရိယာတွေဟာ ကျွန်တော်တို့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို မြင့်တက်လာစေပါတယ်" ဟု ပြောကြားခဲ့သည်။

​အမေရိကန်နှင့် အစ္စရေးတို့သည် ဖေဖော်ဝါရီ ၂၈ ရက်တွင် အီရန်အား အပြင်းအထန်ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အရှေ့အလယ်ပိုင်းစစ်ပွဲ စတင်ဖြစ်ပွားခဲ့ပြီး၊ အီရန်ဘက်ကလည်း ဒေသတွင်းလက်စား ချေတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

​ဧပြီ ၈ ရက် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကြောင့် ရက်ပေါင်း ၄၀ နီးပါး ကြာမြင့်ခဲ့သည့် ပြင်းထန်သော တိုက်ခိုက်မှုများ ရပ်တန့်သွားခဲ့သော်လည်း၊ မဟာဗျူဟာမြောက် ဟော်မုဇ်ရေလက်ကြား အနီးတဝိုက်တွင် ပြင်းထန်သောတိုက်ခိုက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ရေရှည်ငြိမ်းချမ်းရေးစာချုပ် သဘောတူညီချက်ရရှိရန် မျှော်လင့်ချက်များ မှေးမှိန်လျက်ရှိသည်။

​"ရန်သူ့လက်ချက်ကြောင့် ပျက်စီးသွားတဲ့ စနစ်တွေကို ပြန်လည်ပြင်ဆင်တာ၊ပြန်လည်ဖြန့်ကြက်တာတွေနဲ့ ပတ်သက်လို့ ကျွန်တော်တို့ အလေးအနက် ဆောင်ရွက်ခဲ့ပါတယ်" ဟု အီရန်စစ်တပ်ပြောရေး ဆိုခွင့်ရှိသူက ပြောကြားခဲ့ပြီး လက်ရှိတွင် မိမိတို့နိုင်ငံ၏ စစ်ရေးမူဝါဒကို ခံစစ်မှ ထိုးစစ်ဆင်သည့် မူဝါဒသို့ ပြောင်းလဲလိုက်ပြီဟုဖြည့်စွက် ပြောကြားခဲ့သည်။

​"နိုင်ငံတကာဥပဒေနဲ့ ကုလသမဂ္ဂ ပဋိညာဉ်တို့ကို အခြေခံပြီး ကြိုတင်ကာကွယ်တဲ့အနေနဲ့ စတင်တိုက်ခိုက်တာဟာ တရားဝင်တဲ့ လုပ်ဆောင်ချက်တစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့အဲဒီလိုလုပ်ဆောင်ရာမှအချိုးအစား ညီမျှမှုနဲ့ လိုအပ်ချက်ဆိုင်ရာ စည်းမျဉ်းတွေနဲ့ အညီလိုက်နာဆောင်ရွက်ရမှာဖြစ်ရပါမယ်" ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

■ Ref:AFP
■ AFP photos

မူရင်းသတင်း — Eleven Media Group