Eleven Media Group

ကမ္ဘာကြီးကို အတူတကွ စီမံခန့်ခွဲခြင်း၏ အဓိပ္ပာယ်

ယနေ့ကမ္ဘာကြီးသည် နိုင်ငံတစ်နိုင်ငံတည်း၏ စွမ်းဆောင်ချက်ဖြင့် ဖြေရှင်း၍မရနိုင်သော စိန်ခေါ်မှုများနှင့် ပိုမိုရင်ဆိုင်လာနေရသည်။ စစ်ပွဲနှင့် ပဋိပက္ခများ၊ ရာသီဥတုပြောင်းလဲမှု၊ ကမ္ဘာ့စီးပွားရေး မတည်ငြိမ်မှု၊ စားနပ်ရိက္ခာနှင့် စွမ်းအင်လုံခြုံရေး၊ ကပ်ရောဂါများ၊ ဆိုက်ဘာလုံခြုံရေးနှင့် ဉာဏ်ရည်တုနည်းပညာတို့သည် နိုင်ငံနယ်နိမိတ်များကို ကျော်လွန်၍ ကမ္ဘာတစ်ဝန်း သက်ရောက်နေသည့် ဘုံစိန်ခေါ်မှုများ ဖြစ်လာသည်။

ထိုအခြေအနေတွင် ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်ရေး (Global Governance) သည် နိုင်ငံတကာဆွေးနွေးမှုများတွင် ပိုမိုအရေးပါလာသည့် အကြောင်းအရာတစ်ရပ် ဖြစ်လာသည်။ ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်ရေးဆိုသည်မှာ နိုင်ငံတစ်နိုင်ငံက ကမ္ဘာကြီးကို အုပ်ချုပ်ခြင်းမဟုတ်ဘဲ နိုင်ငံအသီးသီးနှင့် နိုင်ငံတကာအဖွဲ့အစည်းများက ဘုံပြဿနာများကို နိုင်ငံတကာစည်းမျဉ်းများ၊ ဆွေးနွေးညှိနှိုင်းမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် ဖြေရှင်းရန် ကြိုးပမ်းခြင်းဖြစ်သည်။

ဒုတိယကမ္ဘာစစ်အပြီးတွင် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းရန်အတွက် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် နိုင်ငံတကာစည်းမျဉ်းစည်းကမ်းများကို တည်ဆောက်ခဲ့သည်။ ထိုစနစ်သည် ဆယ်စုနှစ်များစွာအတွင်း ကမ္ဘာ့ငြိမ်းချမ်းရေး၊ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။

သို့သော် လွန်ခဲ့သည့် နှစ်ပေါင်း ၈၀ အတွင်း ကမ္ဘာကြီးသည် အလွန်လျင်မြန်စွာ ပြောင်းလဲလာခဲ့သည်။ ဒစ်ဂျစ်တယ်နည်းပညာ၊ ဉာဏ်ရည်တု၊ ဆိုက်ဘာနယ်ပယ်၊ ရာသီဥတုပြောင်းလဲမှု၊ အာကာသနှင့် ရေနက်ပိုင်းဆိုင်ရာ အရင်းအမြစ်များကဲ့သို့သော နယ်ပယ်သစ်များ ပေါ်ပေါက်လာပြီး ယခင်ကထက် ပိုမိုရှုပ်ထွေးသည့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများ ဖြစ်ပေါ်လာခဲ့သည်။ ထို့ကြောင့် ကမ္ဘာကြီး၏ ပြောင်းလဲမှုများနှင့်အညီ နိုင်ငံတကာ စီမံအုပ်ချုပ်ရေးစနစ်ကိုလည်း ပိုမိုထိရောက်ပြီး ကိုယ်စားပြုမှုရှိသည့် ပုံစံဖြင့် ပြုပြင်မွမ်းမံရန် လိုအပ်လာသည်။

ဤအခြေအနေတွင် တရုတ်နိုင်ငံက ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်ရေးနှင့် ပတ်သက်၍ အဆိုပြုချက် အသစ်တစ်ရပ်ကို ထည့်သွင်းတင်ပြလာခဲ့သည်။ ၂၀၂၅ ခုနှစ် စက်တင်ဘာလတွင် တရုတ်နိုင်ငံက ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအစီအမံ (Global Governance Initiative – GGI) ကို တင်ပြခဲ့ခြင်း ဖြစ်ပြီး ယခုအခါ ယင်းအဆိုပြုချက် တင်ပြခဲ့ခြင်း တစ်နှစ်ပြည့်ကာလသို့ ရောက်ရှိလာပြီဖြစ်သည်။

ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအစီအမံသည် သီးခြားအယူအဆတစ်ရပ်အဖြစ် ရုတ်တရက် ပေါ်ပေါက်လာခြင်းမဟုတ်ဘဲ တရုတ်နိုင်ငံက အချိန်ကာလတစ်လျှောက် တင်ပြလာခဲ့သည့် လူသားတို့၏ ကံကြမ္မာအကျိုးတူ အသိုက်အဝန်း တည်ဆောက်ရေး အယူအဆနှင့် ဆက်စပ်နေသည်။ ယင်းအပြင် ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေး၊ ကမ္ဘာ့လုံခြုံရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အဆိုပြုချက်များနှင့်လည်း ဆက်စပ်နေပြီး ကမ္ဘာ့ရေးရာများကို ပိုမိုဘက်စုံပူးပေါင်းဆောင်ရွက်သည့် လမ်းကြောင်းဖြင့် ဖြေရှင်းရန် တရုတ်နိုင်ငံ၏ ကြိုးပမ်းမှုတစ်ရပ်အဖြစ် မြင်တွေ့နိုင်သည်။

တရုတ်နိုင်ငံ၏ အဆိုပြုချက်တွင် အဓိကအားဖြင့် အချုပ်အခြာအာဏာ တန်းတူညီမျှမှု၊ နိုင်ငံတကာဥပဒေကို လေးစားမှု၊ ဘက်စုံဝါဒကို လိုက်နာမှု၊ လူသားဗဟိုပြုမှု၊ လက်တွေ့ကျသော လုပ်ဆောင်မှုနှင့် ပြုပြင်ပြောင်းလဲမှု တို့ကို အလေးထားထားသည်။ ယင်းမူများ၏ အဓိကရည်ရွယ်ချက်မှာ ကမ္ဘာ့ရေးရာများကို နိုင်ငံအနည်းငယ်ကသာ ဆုံးဖြတ်သည့် ပုံစံထက် နိုင်ငံအားလုံး ပါဝင်ဆွေးနွေးနိုင်ပြီး ဘုံအကျိုးစီးပွားကို အခြေခံ၍ အများသဘောတူညီချက် ရှာဖွေနိုင်သည့် နိုင်ငံတကာစီမံအုပ်ချုပ်ရေးစနစ်ကို ပိုမိုခိုင်မာစေရန် ဖြစ်သည်။

တရုတ်နိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအစီအမံကို လေ့လာကြည့်ပါက လက်ရှိ နိုင်ငံတကာစနစ်တစ်ခုလုံးကို ဖျက်သိမ်းပြီး အသစ်ပြန်လည်တည်ဆောက်ရန် အဆိုပြုခြင်းထက် ကုလသမဂ္ဂကို ဗဟိုပြုပြီး နိုင်ငံတကာစနစ်ကို ထိန်းသိမ်းကာ လက်ရှိစနစ်၏ အားနည်းချက်များကို ပြုပြင်မြှင့်တင်ရန် အလေးပေးထားသည်ကို တွေ့ရသည်။ အထူးသဖြင့် ကုလသမဂ္ဂ၏ အခန်းကဏ္ဍနှင့် နိုင်ငံတကာဥပဒေ၏ အရေးပါမှုကို အလေးထားပြီး နိုင်ငံတကာရေးရာများတွင် ဘက်ပေါင်းစုံဝါဒနှင့် တန်းတူညီမျှမှုကို ပိုမိုခိုင်မာစေရန် တိုက်တွန်းထားသည်။

ထိုအမြင်သည် ကမ္ဘာ့အင်အားချိန်ခွင်လျှာ ပြောင်းလဲလာသည့် လက်ရှိအခြေအနေနှင့်လည်း ဆက်စပ်နေသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေးနှင့် နိုင်ငံရေးအခန်းကဏ္ဍ တိုးတက်လာသည့် အတွက် ကမ္ဘာလုံးဆိုင်ရာ ဆုံးဖြတ်ချက် ချမှတ်သည့် ယန္တရားများတွင်လည်း ၎င်းတို့၏ ကိုယ်စားပြုမှုနှင့် အသံများ ပိုမိုပါဝင်လာရန် လိုအပ်ကြောင်း ဆွေးနွေးမှုများ မြင့်တက်လာသည်။

ကမ္ဘာ့တောင်ဘက်ခြမ်း နိုင်ငံများဖြစ်သည့် အာရှ၊ အာဖရိကနှင့် လက်တင်အမေရိက နိုင်ငံများသည် ကမ္ဘာ့စီးပွားရေးနှင့် လူဦးရေအရ အရေးပါသည့် အခန်းကဏ္ဍကို ရယူလာနေကြ သည်။ သို့သော် နိုင်ငံတကာဆုံးဖြတ်ချက်ချမှတ်သည့် ယန္တရားအချို့တွင် ၎င်းတို့၏ ကိုယ်စားပြုမှုနှင့် လက်ရှိကမ္ဘာ့အလေးချိန်အကြား ကွာဟချက်များ ရှိနေဆဲဖြစ်သည်။

တရုတ်နိုင်ငံသည် အဆိုပါ ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတကာရေးရာများတွင် ပါဝင်မှုကို အလေးထားပြောဆိုလာသည့် နိုင်ငံများအနက် တစ်နိုင်ငံ ဖြစ်သည်။ BRICS၊ G20၊ G77 နှင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ကဲ့သို့သော ဘက်စုံပူးပေါင်းဆောင်ရွက်ရေး ပလက်ဖောင်းများ၏ အခန်းကဏ္ဍ တိုးတက်လာခြင်းသည်လည်း ဖွံ့ဖြိုးဆဲနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုအရေးပါလာနေခြင်းကို ဖော်ပြနေသည်။ ထို့ကြောင့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအစီအမံ၏ အရေးကြီးသည့် အချက်တစ်ရပ်မှာ ကမ္ဘာ့စီမံအုပ်ချုပ်ရေးတွင် နိုင်ငံအားလုံး၏ ပါဝင်မှုနှင့် ကိုယ်စားပြုမှုကို ပိုမိုတိုးမြှင့်ရန် ဖြစ်သည်။

ဉာဏ်ရည်တုနည်းပညာသည်လည်း ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအစီအမံနှင့် ပတ်သက်သည့် ဆွေးနွေးမှုများတွင် လျစ်လျူရှု၍မရသည့် နယ်ပယ်တစ်ခု ဖြစ်လာသည်။ AI သည် စက်မှုလုပ်ငန်း၊ ကျန်းမာရေး၊ ပညာရေး၊ ဘာသာပြန်လုပ်ငန်းနှင့် သတင်းအချက်အလက် ရှာဖွေမှုတို့အထိ ကျယ်ပြန့်စွာ အသုံးချလာနိုင်သော်လည်း ကိုယ်ရေးကိုယ်တာအချက်အလက် ကာကွယ်ရေး၊ နည်းပညာလုံခြုံရေး၊ AI အသုံးပြုမှုဆိုင်ရာ စံနှုန်းများနှင့် စစ်ရေးနယ်ပယ်တွင် AI အသုံးချမှုတို့ ကဲ့သို့သော စိန်ခေါ်မှုများလည်း ပေါ်ပေါက်လာသည်။

တရုတ်နိုင်ငံက AI အပါအဝင် နည်းပညာသစ်များ၏ ဖွံ့ဖြိုးတိုးတက်မှုကို နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုနှင့် ချိတ်ဆက်ရန် အလေးထားလာသည်။ AI ၏ အကျိုးကျေးဇူးများကို နိုင်ငံအနည်းငယ်သာ ရရှိခြင်းမဟုတ်ဘဲ ဖွံ့ဖြိုးဆဲနိုင်ငံများအပါအဝင် နိုင်ငံအားလုံး အကျိုးခံစားနိုင်ရေးနှင့် AI ဖွံ့ဖြိုးတိုးတက်မှုကို သင့်လျော်သော စည်းမျဉ်းများဖြင့် ထိန်းညှိနိုင်ရေး သည် အနာဂတ်ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်ရေး၏ အရေးကြီးသည့် အစိတ်အပိုင်းတစ်ခု ဖြစ်လာနေသည်။

ရာသီဥတုပြောင်းလဲမှု၊ ကပ်ရောဂါ၊ စားနပ်ရိက္ခာနှင့် စွမ်းအင်လုံခြုံရေး၊ ဆိုက်ဘာ လုံခြုံရေးနှင့် အွန်လိုင်းရာဇဝတ်မှုများသည် နိုင်ငံနယ်နိမိတ်အတွင်း ကန့်သတ်ထား၍ မရနိုင်သည့် ပြဿနာများ ဖြစ်သည်။ ထို့ကြောင့် ယင်းပြဿနာများကို ဖြေရှင်းရာတွင် နိုင်ငံတစ်နိုင်ငံချင်းစီ၏ ကြိုးပမ်းမှုများသာမက နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုလည်း မဖြစ်မနေလိုအပ်လာသည်။

ယင်းအခြေအနေတွင် တရုတ်နိုင်ငံက အလေးထားဖော်ပြသည့် “အတူတိုင်ပင်၊ အတူတည်ဆောက်၊ အတူမျှဝေ” ဆိုသည့် အယူအဆသည် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအစီအမံ၏ အဓိကသဘောတရားများနှင့် ဆက်စပ်နေသည်။ ကမ္ဘာ့ရေးရာများတွင် အားလုံးပါဝင်ဆွေးနွေးခြင်း၊ ဘုံစည်းမျဉ်းများကို အတူတကွ ဖော်ဆောင်ခြင်းနှင့် ဖွံ့ဖြိုးတိုးတက်မှု၏ အကျိုးကျေးဇူးများကို ပိုမိုမျှတစွာ ခံစားနိုင်ရေးတို့ကို အလေးထားခြင်း ဖြစ်သည်။

ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအစီအမံ တင်ပြခဲ့သည့် တစ်နှစ်တာကာလအတွင်း ကမ္ဘာကြီး သည်လည်း နိုင်ငံရေး၊ စီးပွားရေးနှင့် နည်းပညာပိုင်းဆိုင်ရာ ပြောင်းလဲမှုများကို ဆက်လက်ကြုံတွေ့နေရသည်။ ထိုအခြေအနေတွင် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအစီအမံသည် စကားလုံးတစ်စုအဖြစ်သာမက ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်ရေးစနစ်ကို ပိုမိုမျှတ၊ ပိုမိုထိရောက်ပြီး ပိုမိုပါဝင်မှုရှိစေရန် မည်သို့ပြုပြင်မည်ဆိုသည့် ဆွေးနွေးမှုတစ်ရပ် အဖြစ် ဆက်လက် အရေးပါလာသည်။

တရုတ်နိုင်ငံအတွက်လည်း ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအစီအမံသည် နိုင်ငံတကာရေးရာ များတွင် ၎င်း၏အမြင်နှင့် ကမ္ဘာ့စီမံအုပ်ချုပ်ရေးဆိုင်ရာ အယူအဆများကို ပိုမိုရှင်းလင်းစွာ တင်ပြသည့် လမ်းကြောင်းတစ်ရပ် ဖြစ်လာသည်။ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအစီအမံသည် တရုတ်နိုင်ငံ၏ လူသားတို့၏ ကံကြမ္မာအကျိုးတူအသိုက်အဝန်း တည်ဆောက်ရေး အယူအဆနှင့်လည်း ချိတ်ဆက်ထားပြီး ဖွံ့ဖြိုးတိုးတက်ရေး၊ လုံခြုံရေး၊ ယဉ်ကျေးမှုနှင့် ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်ရေးတို့ကို ပေါင်းစပ်စဉ်းစားသည့် အမြင်ကို ထင်ဟပ်စေသည်။

ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်ရေး၏ အဓိကမေးခွန်းမှာ “ကမ္ဘာကြီးကို ဘယ်သူက ဦးဆောင်မလဲ” ဆိုသည်ထက် “ကမ္ဘာကြီးရင်ဆိုင်နေရသော ဘုံပြဿနာများကို နိုင်ငံအားလုံး မည်သို့အတူတကွ ဖြေရှင်းကြမလဲ” ဆိုသည့် မေးခွန်းဖြစ်လာနေသည်။

တရုတ်နိုင်ငံက ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအစီအမံကို တင်ပြခဲ့သည့် တစ်နှစ်ပြည့်ကာလသည်လည်း ယင်းမေးခွန်းကို ပြန်လည်ဆွေးနွေးရန် အခွင့်အလမ်းတစ်ရပ် ဖြစ်လာသည်။ ကမ္ဘာကြီး ပိုမိုချိတ်ဆက်လာသည်နှင့်အမျှ နိုင်ငံများအကြား ဆွေးနွေးညှိနှိုင်းမှု၊ အပြန်အလှန်လေးစားမှု၊ တန်းတူညီမျှမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့၏ အရေးပါမှုသည်လည်း ပိုမိုမြင့်တက်လာမည်ဖြစ်သည်။ ကမ္ဘာ့အနာဂတ်ကို နိုင်ငံတစ်နိုင်ငံတည်းက ပုံဖော်နိုင်တော့မည် မဟုတ်ဘဲ နိုင်ငံများအားလုံး ပူးပေါင်းပါဝင်မှုဖြင့် ပုံဖော်ရမည့် အနာဂတ်တစ်ရပ် ဖြစ်လာနေပြီ ဖြစ်သည်။

မူရင်းသတင်း — Eleven Media Group