
လက်ယာအစွန်းရောက်သမားတွေနဲ့ စစ်ဝါဒီတွေ ပြန်လည်ခေါင်းထောင်လာသည့် ဂျပန်နိုင်ငံသည် စစ်ရေးပြန်လည်အင်အားဖြည့်ခြင်းကို အမှန်တကယ် လုပ်ဆောင်နေပြီဖြစ်ကြောင်း နိုင်ငံတကာသတင်းများအရ တွေ့မြင်နေကြရသည်။
■ Narrative အသစ်နှင့်မသိမသာပြင်ဆင်လာသည့် စစ်ရေးတိုးချဲ့မှု
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၄ ရက်တွင် ဂျပန်နိုင်ငံ၏ကာကွယ်ရေးဝန်ကြီးဌာနက ကာကွယ်ရေးစက္ကူဖြူစာတမ်း ၂၀၂၆ကို ထုတ်ပြန်ခဲ့ပြီး ၎င်းစက္ကူဖြူစာတမ်းသည် လက်ရှိဂျပန် အမျိုးသမီးဝန်ကြီးချုပ် ဆာနာအီတာကာအိချီလက်ထက်၌ ပထမဆုံးထုတ်ပြန်သည့် ကာကွယ်ရေးထုတ်ပြန်ချက်ဖြစ်သည်။ ထိုကဲ့သို့အသစ်ပြန်လည်ထုတ်ပြန်လာသည့် ဂျပန်နိုင်ငံ၏ ကာကွယ်ရေးထုတ်ပြန်ချက်တွင် “အင်ဒိုပစိဖိတ်ဒေသ၏ ကြီးမားစွာမြင့်မားလာသောလုံခြုံရေးခြိမ်းခြောက်မှု” ကြောင့် ဂျပန်နိုင်ငံ၏ကာကွယ်ရေးကို ပို၍အရှိန်မြှင့်ရန် အကြောင်းပြချက်ပေးထားသည်။ ဒါ့အပြင် ဂျပန်နိုင်ငံ၏ စစ်ရေးရင်းနှီးမြှပ်နှံမှုသည် တိုင်းပြည်ကာကွယ်ရေးအတွက်သာမဟုတ်တော့ဘဲ စီးပွားရေးတိုးတက်မှုနှင့် နည်းပညာတီထွင်ဆန်းသစ်မှုအတွက် မောင်းနှင်မည့် အားကောင်းသော အင်ဂျင်တစ်ခုအဖြစ် ဖော်ပြထားသည်ဟုလည်းတွေ့ရသည်။
ထူးခြားချက်တစ်ခုမှာ ၂၀၂၆ ခုနှစ်အတွက် ကာကွယ်ရေးစက္ကူဖြူစာတမ်း၏ မျက်နှာဖုံးကာဗာအသုံးပြုမှုသည် ကာကွယ်ရေးအစီရင်ခံစာ ထုတ်ပြန်ချက်နှင့်မတူဘဲ သာမန်ပြည်သူတို့၏ ကာတွန်းရုပ်ပုံများကိုအသုံးပြုကာ soft power ကို အသုံးပြု၍ ဂျပန်ပြည်သူများအကြား စစ်ရေးတိုးချဲ့မှုအငြင်းပွားခြင်းကို ဖုံးကွယ်ရန်ကြိုးစားထားသည့်အပြင် ဆာနာအီတာကာအိချီလက်ထက် စစ်ရေးတိုးချဲ့ခြင်းသည် ဂျပန်နိုင်ငံ၏အခြေခံဥပဒေကို ကျော်လွန်လုပ်ဆောင်မှုဖြစ်သည်ဆိုခြင်းကို နိုင်ငံတော်နှင့်ဂျပန်ပြည်သူများ၏ နေ့စဉ်ဘဝများနှင့် တိုက်ရိုက်ဆက်စပ်နေသယောင် ကာဗာယူထားခြင်းလည်းဖြစ်သည်။ ထို့ပြင် တရုတ်၊ ရုရှား၊ မြောက်ကိုးရီးယားနိုင်ငံများကို ဂျပန်နိုင်ငံအတွက် မဟာဗျူဟာမြောက်စိုးရိမ်စရာအကောင်းဆုံး တိုင်းပြည်များအဖြစ် ဖော်ပြထားသည်ကိုတွေ့ရသည်။ တကယ်တော့ ထိုနိုင်ငံသုံးခုလုံး၏ ပြည်သူများသည် ဒုတိယကမ္ဘာစစ်ကာလအတွင်းက ဂျပန်ကကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများ၏သားကောင်များ ဖြစ်ခဲ့ကြရသည်။ ထို့ကြောင့် ယနေ့အချိန်တွင် ဂျပန်ကစစ်အင်အားပြန်လည်တိုးချဲ့လာခြင်းသည် လွန်ခဲ့သည့် နှစ် ၈၀ ကျော်က ၎င်းကျူးလွန်ခဲ့သည့် မတောင်းပန်ရသေးသောအတိတ်၏အရိပ်တို့ ခြောက်လှန့်နေခြင်းသာဖြစ်သည်။
တစ်ဖန် စစ်ရာဇဝတ်ကျူးလွန်သူ (က) အဆင့်ရှိ စစ်ရာဇဝတ်ကောင်တို့အား အရိုအသေပြုကိုးကွယ်ထားသည့် ရာဆူကူနီဗိမာန်သို့ ဂျပန်ခေါင်းဆောင်များ မကြာခဏသွားရောက်ဂါရဝပြုခြင်း၊ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်ကအလုံးစုံလက်နက်ချခဲ့သည့် ဩဂုတ်လ ၁၅ ရက်နေ့တွင် ဂျပန်ကာကွယ်ရေးဝန်ကြီးက သွားရောက်ဂါရပြုခြင်းသည် ကမ္ဘာ့နိုင်ငံရေးတွင် မေးခွန်းများစွာပေါ်ပေါက်လာခဲ့သည်။ ကာကွယ်ရေးအသုံးစရိတ်များ စံချိန်တင်မြှင့်တင်ခြင်း၊ စစ်ရေးတိုးချဲ့လာခြင်း၊ စစ်ရာဇဝတ်ဗိမာန်ကို အလုံးစုံလက်နက်ချသည့်နေ့တွင် သွားရောက်ဂါရဝပြုခြင်းများသည် ခေတ်သစ်စစ်ဝါဒကို အသက်သွင်းနေခြင်း ဖြစ်ကြောင်းသုတေသီနှင့် သမိုင်းပညာရှင်များစွာက ဆိုထားကြသည်။
■ ဒုတိယကမ္ဘာစစ်အရှေ့ဘက်စစ်မျက်နှာ
ယခု ၂၀၂၆ ခုနှစ်သည် တိုကျိုတရားစီရင်မှုစတင်ခြင်း နှစ်၈၀ ပြည့်သည့်ကာလဖြစ်သည်။ “အရှေ့ဖျားဒေသအတွက် အပြည်ပြည်ဆိုင်ရာ စစ်ရာဇဝတ်ခုံရုံး” ဟုတရားဝင်ခေါ်ဆိုသည်။ တိုကျိုတရားစီရင်မှုတွင် ၁၁ နိုင်ငံမှတရားသူကြီးများပါဝင်ခဲ့ကြပြီး နှစ်နှစ်ခွဲကာလအတွင်း တရားရုံးကြားနာခြင်း ၈၁၈ ကြိမ်၊ သက်သေ ၄၁၉ ဦး၊ ခိုင်လုံသက်သေပေါင်း ၄,၃၃၆ ခု နှင့် တရားကြားနာမှု မှတ်တမ်းစာမျက်နှာပေါင်း ၄၈,၀၀၀ ကျော်ရှိခဲ့သည်။ စစ်ရာဇဝတ်မှုတရားခံ ၂၅ ဦးကို ပြစ်မှုထင်ရှား စီရင်ချက်ချခဲ့ပြီး ၇ ဦးကို ကြိုးကွင်းသေဒဏ်ပေးခဲ့သည်။
တိုကျိုတရားစီရင်မှုနှင့် နျူရင်ဘတ်တရားစီရင်မှုတို့သည် ယဉ်ကျေးသောလူ့အဖွဲ့အစည်းနှင့် လူသားဖြစ်တည်မှုကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် စစ်ရာဇဝတ်မှုများ၊ စစ်ပွဲကာလအတွင်း အရပ်သားပြည်သူနှင့် စစ်သုံ့ပန်းများအပေါ်လူမဆန်အောင်ရက်စက် သတ်ဖြတ်ခြင်းများအတွက် အပြစ်ပေးခံရခြင်း၏ သာဓကများဖြစ်သည်။
ဒုတိယကမ္ဘာစစ်၏အရှေ့ဘက်စစ်မျက်နှာအကြောင်းပြောလျှင် တရုတ်စစ်မြေပြင်အကြောင်း မပြောဘဲထားခဲ့လို့မရပေ။ တိုကျိုတရားစီရင်မှုသည် တရုတ်နိုင်ငံကို ဖက်ဆစ်ဂျပန်တို့ ကျူးကျော်မှုအပြည့်အဝစတင်သည့် စက်တင်ဘာ ၁၈ ရက် ဖြစ်စဉ်ကို ဂျပန်ဘက်က စစ်ဖြစ်ရန်ကြိုတင်ကြံစည်ခြင်းအဖြစ် အတိအလင်းမှတ်တမ်းတင်ထား သည့်အတွက် တရုတ်နိုင်ငံအနေဖြင့် ဒုတိယကမ္ဘာစစ်ကို ၁၉၃၁ ခုနှစ်ကတည်းက ရှောင်ရှား၍မရသော ခံစစ်ကို စတင်ခဲ့ရသည်။ ထို့ကြောင့် ၁၉၄၅ ခုနှစ် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ဒုတိယကမ္ဘာစစ်ပြီးဆုံးချိန်အထိ တရုတ်နိုင်ငံက ဖက်ဆစ်ဂျပန်ကို ၁၄ နှစ်တိုင်အောင် ခုခံတွန်းလှန်ခဲ့ရကြောင်း ထင်ရှားသည်။
ထိုကဲ့သို့ ဆယ်စုနှစ်တစ်ခုကျော်၊ ဆယ်စုနှစ် တစ်ခုခွဲမျှကြာမြင့်အောင် ခုခံတွန်းလှန်ရခြင်းသည် လွယ်ကူသည့် သမိုင်းကြောင်းတစ်ခုမဟုတ်ဘူးဆိုသည်မှာ ထင်ရှားသကဲ့သို့ ဂျပန်ဘက်က ယဉ်ကျေးသည့်လူသားဆန်စွာ ပြန်လည်တောင်းပန်ခြင်းမပြုထားသည့် ဆိုးရွားလွန်းသည့်စစ်ရာဇဝတ်မှုများစွာ ရှိနေခဲ့သည်။ အထင်ရှားဆုံး စစ်ရာဇဝတ်မှု (သို့မဟုတ်) လူသားသမိုင်းတစ်လျှောက်အမှောင်မိုက်ဆုံးစာမျက်နှာများမှာ “နန်ကျင်းအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ” ဖြစ်သည်။
■ ဖက်ဆစ်ဂျပန်၏ နန်ကျင်းအစုလိုက်အပြုံလိုက်လူသတ်ပွဲ
၁၉၃၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့သည် ထိုစဉ်က တရုတ်နိုင်ငံ၏ မြို့တော်ဖြစ်သော နန်ကျင်းမြို့ ဂျပန်လက်အောက်သို့ အတိအလင်းကျရောက်ခဲ့ရသည်။ တိုကျိုတရားစီရင်မှုတွင် နန်ကျင်းအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ၏ မှတ်တမ်းများကို ဖော်ပြထားသည်။
“၁၉၃၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက် နံနက်ခင်းတွင် ဂျပန်စစ်သားများသည် အုံလိုက်ကျင်းလိုက် မြို့တွင်းသို့ရောက်ရှိခဲ့ပြီး ထိုနေ့ရက်မှစတင်ကာ ရက်သတ္တပတ် ၆ ပတ်အတွင်း လူမဆန်သည့်လုပ်ရပ်များကို စတင်ကျူးလွန်ခဲ့ကြသည်။ မျက်မြင်သက်သေများ၏ ထွက်ဆိုချက်များအရ ဂျပန်စစ်သားများသည် နန်ကျင်းမြို့ထဲရှိ တရုတ်လူမျိုးများ အထွတ်အမြတ်ထားရာ နေရာမှန်သမျှကို အရိုင်းအစိုင်းများသဖွယ် အလုအယက်ဖျက်ဆီးခဲ့ကြသည်။ ထို့ပြင် ဂျပန်စစ်သားများသည် နှစ်ယောက်တစ်စု၊ သုံးယောက်တစ်စုဖြင့် တစ်မြို့လုံး၌ နေရာအနှံ့အပြားတွင် ကိုယ့်အုပ်စုနှင့်ကိုယ် အုပ်စုဖွဲ့လူသတ်ခြင်း၊ အုပ်စုဖွဲ့မုဒိန်းကျင့်ခြင်း၊ တရုတ်ပြည်သူများကို အရှင်လတ်လတ် မီးရှို့ခြင်း၊ လှံစွပ်နှင့်ထိုးကာ လေ့ကျင့်ခြင်းတို့ကို လုပ်ဆောင်ခဲ့ကြသည်။ ဂျပန်စစ်သားများသည် မူးရူးနေကြကာ စည်းပျက်ကမ်းပျက် ဖြစ်နေကြသည်။ နန်ကျင်းမြို့တွင်းရှိ တရုတ်အမျိုးသား၊ အမျိုးသမီး၊ ကလေးပါမကျန် မြင်မြင်သမျှကို ဆွဲကာ သတ်ဖြတ်နှိပ်စက်ခြင်းဖြင့် နန်ကျင်းတစ်မြို့လုံး၌ နန်ကျင်းပြည်သူများ၏ အလောင်းများပုံထနေသည်အထိပင်ဖြစ်သည်” ဟု တိုကျိုတရားစီရင်ရေးတွင် အတိအကျဖော်ပြထားသည်။
■ တိုကျိုတရားစီရင်ရေးမှ ဂျပန်၏ လွတ်ကင်းခဲ့သောစစ်ရာဇဝတ်မှုများ
ဥရောပစစ်မျက်နှာတွင် အော့ဇ်ဝစ်ချွေးတပ်စခန်းကဲ့သို့သော နာဇီဂျာမဏီတို့၏ လူသားချင်းစာနာမှုကင်းမဲ့သည့်၊ လူ့ဂုဏ်သိက္ခာကို နင်းချေစော်ကားကာ လူ့ကျင့်ဝတ်များပျက်သုဉ်းခဲ့သည့် နှိပ်စက်ညှင်းပမ်းရေးအကျဉ်းစခန်းများရှိသကဲ့သို့ အာရှဒေသတွင်လည်း စစ်ဝါဒီဖက်ဆစ်ဂျပန် ကျူးကျော်သူများ၏ အော့ဇ်ဝစ်အကျဉ်းစခန်းကဲ့သို့ လူသားမျိုးနွယ်အပေါ် စစ်ရာဇဝတ်မှုများ အဆိုးရွားဆုံး ကျူးလွန်ခဲ့သည့်နေရာရှိပါသည်။
ဂျပန်တို့တရုတ်နိုင်ငံကို အစောဆုံးကျူးကျော်ခဲ့သည့် တရုတ်နိုင်ငံ၏အရှေ့မြောက်ဘက်ဒေသ ဟေလုံကျန်းပြည်နယ်ရှိ ဟာဘင်မြို့တွင် လူသားအသုံးပြုသည့် ဇီဝစမ်းသပ်မှုများ၊ ဓါတုစမ်းသပ်မှုများ နှင့် နှိပ်စက်ညှင်းပမ်းမှုများကို Unit 731 အမည်ရှိ ဂျပန်တပ်ရင်းတွင် ကြီးမားကျယ်ပြန့်စွာ လုပ်ဆောင်ခဲ့ကြသည်။ ဥရောပစစ်မျက်နှာတွင် အော့ဇ်ဝစ်အကျဉ်းစခန်းကို နာဇီဂျာမဏီများက ၁၉၄၀ ခုနှစ်တွင် စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အာရှဒေသစစ်မျက်နှာတွင် ဖက်ဆစ်ဂျပန်များက ၁၉၃၆ ခုနှစ်ခန့်ကပင် စစ်ရာဇဝတ်မှု၊ ဇီဝစမ်းသပ်မှုနှင့် နှိပ်စက်ညှင်းပမ်းမှုများ အကြီးအကျယ်ကျူးလွန်ခဲ့သည့် Unit 731 စမ်းသပ်ခန်းများကို စတင်နေခဲ့သည်။ အဆိုပါ Unit 731၏ သားကောင်များမှာ စစ်သုံ့ပန်းများ၊ တရုတ်၊ ရုရှား၊ မွန်ဂိုလီးယားနှင့် ကိုးရီးယားလူမျိုး အရပ်သားပြည်သူများ ဖြစ်ကြောင်းသိရသည်။
အသက်ရှင်သန်ကျန်ရစ်သူမရှိခဲ့သည့် အဆိုပါ Unit 731 ငရဲခန်းများ၏ ရာဇဝတ်မှုများသည် ဒုတိယကမ္ဘာစစ်ကာလပြီးဆုံးခဲ့ပြီး နှစ်ပေါင်း ၅၀ ကျော်ကြာသည့်အချိန်ကျမှသာ ထင်ထင်ရှားရှားထွက် ပေါ်လာခဲ့ခြင်းဖြစ်သည်။ ၁၉၉၀ ခုနှစ်ကျော်ကာလများတွင် အမေရိကန်နိုင်ငံက ဖြေလျော့ထုတ်ပြန်ခဲ့သည့် အမျိုးသားမော်ကွန်းများ (Declassified documents) နှင့် ကျူးလွန်မှုတွင် အမှန်တကယ်ပါဝင်ခဲ့ကြသော ဂျပန်အရာရှိဟောင်းများ၏ ၂၀၀၀ ခုနှစ်ဝန်းကျင်အတွင်း ကိုယ်ပိုင်ဝန်ခံထုတ်ပြောချက်များကြောင့်သာ ကျယ်ကျယ်ပြန့်ပြန့် သိရှိလာခဲ့ကြရသည်။
ထို Unit 731 တွင် ဖက်ဆစ်ဂျပန်တို့သည် ဇီဝနှင့် ဓါတုလက်နက်များ ထုတ်လုပ်ရန် သုတေသနဆောင်ရွက်ချက်များ၊ သေစေနိုင်သည့် လူသားအသုံးပြု ဓါတ်ခွဲစမ်းသပ်မှုများ၊ သက်ရှိ အကျဉ်းသားများကို အသုံးပြု၍ ဗဟိုအာရုံကြောစနစ်ကို ထိန်းချုပ်သည့် စမ်းသပ်မှုများ၊ ကိုယ်တွင်းကလီစာများအား ဖြတ်ထုတ်ညှပ်ထုတ်၍ အစားထိုးပြုပြင်ခြင်း၊ ခန္ဓာကိုယ် အစိတ်အပိုင်းများကို ခုတ်ထစ်ဖြတ်ထုတ်၍ စမ်းသပ်မှု အမျိုးမျိုးလုပ်ဆောင်ခြင်း၊ အစမ်းသပ်ခံ အကျဉ်းသားများကို ဓါတုဗေဒပစ္စည်းများ၊ ပေါက်ကွဲစေသည့် ပစ္စည်းများဖြင့် အကြိမ်ကြိမ်စမ်းသပ်ခြင်းများ စသည့် လူမဆန်သည့် ရက်စက်မှုပေါင်းများစွာကို ဗိုလ်ချုပ် Shirō Ishii ဦးဆောင်သည့် ဖက်ဆစ်ဂျပန်စစ်တပ်က ၁၉၄၅ ခုနှစ်အထိ လုပ်ဆောင်ခဲ့သည်ဟု လေ့လာသိရှိရသည်။ ကလေးနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများ အပါအဝင် လူဦးရေပေါင်း ၁၅,၀၀၀ ခန့်ကို အတင်းအဓမ္မ စမ်းသပ်ခံ logs များအဖြစ် အသုံးချခဲ့ကြပြီး လွတ်မြောက်ရှင်သန်သူပင် မရှိခဲ့သည့် အဆိုပါ Unit 731 ငရဲခန်း၌ စမ်းသပ်အောင်မြင်ခဲ့သည့် ဓါတုနှင့်ဇီဝလက်နက်များဖြင့် ဖက်ဆစ်ဂျပန်များသည် တရုတ်နိုင်ငံ၏ မြို့နှင့်ရွာများကို တိုက်ခိုက်ခဲ့ပြန်သည်။ ၎င်းဓါတုနှင့်ဇီဝလက်နက်များဖြင့် ဂျပန်တို့သိမ်းပိုက်ပြီးသော တရုတ်ကျေးလက်ဒေသများတွင် သောက်သုံးရေ၊ အစားအသောက်လမ်းကြောင်း၊ စိုက်ပျိုးမြေများကို ဖျက်ဆီးတိုက်ခိုက်ခဲ့ခြင်းကြောင့် သေဆုံးခဲ့ရသူမှာ မှတ်တမ်းများအရအနည်းဆုံး တရုတ်လူဦးရေ နှစ်သိန်းနှင့် သုံးသိန်းကြားရှိသည်ဟု သိရသည်။
ထို့ကြောင့် မိအေးအခါခါနာခဲ့ရသော တရုတ်နိုင်ငံ၏ ဒုတိယကမ္ဘာစစ်ကာလ ဖက်ဆစ်ဂျပန်ကို ခုခံတွန်းလှန်ခြင်းကို ဆက်လက်၍ဖော်ပြရလျှင် ဝမ်းနည်းစရာအပိုင်းများ မကုန်သေးဘဲ Unit 731 ကို ဦးဆောင်ခဲ့သည့် အဓိက လက်သည်စစ်တရားခံများသည် တိုကျိုတရားစီရင်မှုတွင်လည်း အရေးယူခံရခြင်းမရှိဘဲ ၎င်းတို့အား ဆေးနှင့်ဇီဝဗေဒသုတေသန၊ ဓါတုဗေဒသုတေသန စမ်းသပ်အစီရင်ခံစာများ၊ သုတေသနစာတမ်းများ၊ တွေ့ရှိချက်များဖြင့် အမေရိကန်နိုင်ငံက အလဲအလှယ်လုပ်ကာ ထိုသူတို့၏ စစ်ရာဇဝတ်ဆိုင်ရာ တာဝန်ယူမှုကို အကာအကွယ်ပေးခဲ့ကြောင်း အမေရိကန်၏ Declassified documents များနှင့် ကျူးလွန်ခဲ့သူတို့ကိုယ်တိုင်၏ ဝန်ခံချက်များက သက်သေတည်သည်။
Unit 731 ကို ဦးဆောင်ခဲ့သည့် အဓိကတရားခံတို့သည် ဂျပန်နိုင်ငံ၏ ထိပ်တန်းတက္ကသိုလ်များတွင် ပါမောက္ခများအဖြစ်လည်းကောင်း၊ တတ်သိပညာရှင်များ၊ အစိုးရထိပ်တန်းအရာရှိများ အဖြစ်လည်းကောင်း၊ ဆေးရုံအုပ်များအဖြစ်လည်းကောင်း ဂုဏ်သရေရှိလူတန်းစားများသဖွယ် ၎င်းတို့၏ လက်ကျန်ဘဝတစ်လျှောက်လုံးတွင် အေးဆေးသက်သာစွာ ဆက်လက်နေထိုင်သွားခဲ့ကြကာ ၎င်းတို့ကျူးလွန်ခြင်းကို ခံခဲ့ရသည့် အပြစ်မဲ့လူသားများ၏ အရိုးများသာ တွန်လျက်ရှိကြသည်။
ထိုကဲ့သို့သော ရက်စက်မှုများစွာကျူးလွန်ခဲ့ခြင်းအတွက် ဂျပန်အစိုးရအဆက်ဆက်သည် မည်သည့်အခါကမျှ တရားဝင်တောင်းပန်ခြင်းမရှိခဲ့ဘဲ အမေရိကန်၏မဟာမိတ်အဖြစ် ယခုကဲ့သို့ စစ်အင်အားတိုးချဲ့လာခြင်းသည် ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံနှင့် ကမ္ဘာတည်ငြိမ်အေးချမ်းရေးအတွက် စိုးရိမ်စရာပင် ဖြစ်လာခဲ့သည်။
viber_image_2026-08-19_13-49-50-357.jpg