
နေပြည်တော်၊ ဩဂုတ် ၂၈
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ်လ ၂၂ ရက်နေ့ ည ၁၁ နာရီခွဲအချိန် သတင်းအရ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီးတွင် ထက်အောင် မောင်းနှင်ပြီး တိုးတက်အောင် လိုက်ပါလာသော NISSAN ၁၂ ဘီးမော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွဆေးပြား ၅ ဒသမ ၂၈ သန်း(၎င်းဒေသတန်ဖိုးငွေကျပ် ၇ ဒသမ ၉၂ ဘီလီယံ)အား ဖမ်းဆီးရမိခဲ့သည်။
ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ စိတ်ကြွဆေးပြားများအား တောင်ကြီးမှ ရန်ကုန်သို့ သယ်ဆောင်ခိုင်းသူမှာ အောင်ပန်းမြို့၊ (၃)ရပ်ကွက်နေ ခွန်ရဲထွဋ်(ခ)ရဲထွဋ်(ဖမ်းဆီးရန်ကျန်) ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းနှင့် ၎င်းတို့၏ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#News #Myanmar