Myanmar National Post

ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ကူညီစောင့်ရှောက်ရေး ဆွေးနွေး


နေပြည်တော်၊ အောက်တိုဘာ ၁၁

ပြည်ပသို့ သွားရောက်လုပ်ကိုင်ရာတွင် တရားမဝင်လမ်းကြောင်းမှ ရွှေ့ပြောင်းသွားလာမှု လျော့ကျစေပြီး တရားဝင် ရွှေ့ပြောင်းသွားလာမှုဖြစ်စေရန်အတွက် စနစ်တကျစီမံခန့်ခွဲခြင်းကို အလေးထားဆောင်ရွက်ရန်နှင့် ပြည်ပတွင်ရောက်ရှိနေသည့် လုပ်သားများကို အချိန်နှင့်တစ်ပြေးညီ ကာကွယ်စောင့်ရှောက်မှုပေးနိုင်ရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးဦးမောင်မြင့်က ပြောကြားခဲ့သည်။

ယမန်နေ့က နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ် Grand Ballroom ၌ ကျင်းပသည့် အလုပ်သမားဝန်ကြီးဌာနမှ ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ကူညီစောင့်ရှောက်ရေး ဆွေးနွေးပွဲတွင် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ထိုသို့ပြောကြားခဲ့သည်။

ထို့ပြင် နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက် စေရေးဆောင်ရွက်ရာတွင် ပြည်တွင်း၊ ပြည်ပ၌ အလုပ်လုပ်ကိုင် နေကြသည့် လုပ်သားများသည် အဓိကကျသည့် အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိကြောင်း၊ ပြည်ပနိုင်ငံများတွင် ရောက်ရှိနေသည့် လုပ်သားများကို ကာကွယ်စောင့်ရှောက်ပေးရန်နှင့် မိသားစုလွှဲပို့ငွေကို တရားဝင်လမ်း ကြောင်းမှ ပိုမိုလွှဲပို့စေရန်အတွက် ဆက်စပ်ဝန်ကြီးဌာနများ၊ ပုဂ္ဂလိက ဘဏ်များနှင့် RBL လိုင်စင်ရဘဏ်များ ပူးပေါင်း ဆောင်ရွက်၍ လုံခြုံစိတ်ချရပြီး လွယ်ကူစွာလွှဲပို့စေရေး ဝိုင်းဝန်းဆောင်ရွက်ကြရန်လည်း ပြည်ထောင်စု ဝန်ကြီးက ထည့်သွင်းပြောကြားခဲ့သည်။

ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာသူများက ပြည်ပတွင်ရောက်ရှိနေသည့် လုပ်သားများအား ကာကွယ်စောင့်ရှောက်ပေးနိုင်ရေး ကူညီဆောင်ရွက် ပေးမည့်နည်းလမ်းများ၊ မိသားစုလွှဲပို့ငွေအား တရားဝင် လမ်းကြောင်းမှ ပိုမိုလွှဲပို့စေရေး ဆောင်ရွက်ပေး နိုင်မည့်နည်းလမ်းများကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာအေဂျင်စီများ၊ သက်ဆိုင်ရာဌာနများက ပြည်ပရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ အကျိုးစီးပွားများကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန်နှင့် ဖြေလျှော့ပေးနိုင် သည်များကို ဖြေလျှော့ပေးရန် ဆွေးနွေးမှာကြားသည်။

ဆွေးနွေးပွဲသို့ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ အဖွဲ့ဝင်ဒေါက်တာရင်ရင်နွယ်၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦး၊ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ကိုယ်စားလှယ်များ၊ ပြည်တွင်း၊ ပြည်ပအလုပ်သမားဆိုင်ရာကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဘာသာရပ်ဆိုင်ရာ ပြင်ပ ကျွမ်းကျင်သူများ၊ ပုဂ္ဂလိကဘဏ်များနှင့် RBL လိုင်စင် ရရှိသူများ၊ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းနှင့် ပြည်ပအလုပ်အကိုင် အကျိုးဆောင် လိုင်စင်ရအေဂျင်စီများမှ ကိုယ်စားလှယ်များတက်ရောက်ကြပြီး မြန်မာအလုပ်သမားများ ရောက်ရှိလုပ်ကိုင် နေသည့် နိုင်ငံများမှ မြန်မာသံအမတ်ကြီးများက Online မှ တက်ရောက်ကြသည်။


#News #Myanmar

မူရင်းသတင်း — Myanmar National Post