Myanmar National Post

ဆူတာဒေသခံတွေက ကျူးကျော်လာတဲ့ ရွှေ့ပြောင်းတွေရဲ့ ယာယီတဲတွေကို ဖျက်ဆီးပစ်



ဩဂုတ် - ၂၈ ( သောကြာနေ့ ) 

စပိန်နိုင်ငံရဲ့ မြောက်အာဖရိက ပိုင်နက်နယ်မြေဖြစ်တဲ့ ဆူတာဒေသခံ မြို့နေ ပြည်သူများက ရွှေ့ပြောင်း အခြေချသူတွေရဲ့ ယာယီတဲများကို ဖျက်ဆီးခဲ့ကြပြီး၊ ရွှေ့ပြောင်းအခြေချသူတွေနဲ့ ပဋိပက္ခများ နဲ့ ဆန္ဒပြပွဲများ ပြင်းထန်လာလို့ ရဲတပ်ဖွဲ့က ရာဘာကျည်ဆန်များဖြင့် ပစ်ခတ်ခဲ့ကြောင်း အွန်လိုင်းတွင် တင်ထားသည့် ဗီဒီယိုဖိုင်များအရ သိရပါတယ်။ 

အိမ်နီးချင်း မော်ရိုကိုနိုင်ငံဘက်မှ စံချိန်တင် လူအများအပြား နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာခဲ့ပြီးနောက် တစ်လနီးပါး ကြာမြင့်သည့်တိုင်အောင် အဆိုပါ နယ်မြေအတွင်း ရွှေ့ပြောင်းအခြေချသူ ထောင်ပေါင်းများစွာ ကျန်ရှိနေဆဲဖြစ်ပြီး၊ ၎င်းတို့အနက် အများအပြားမှာ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံများတွင် ခိုလှုံခွင့်တောင်းခံရန် ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။

ဒီအကျပ်အတည်းဟာ ဇူလိုင်လနှောင်းပိုင်းက စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး၊ လူပေါင်း ၇၂,၀၀၀ ခန့်ဟာ နယ်စပ်အတားအဆီးတွေကို ရေကူးကျော်ဖြတ်တာအပါအဝင် နည်းလမ်းမျိုးစုံနဲ့ ဆူတာမြို့အတွင်းသို့ ဝင်ရောက်ဖို့ ကြိုးပမ်းခဲ့ကြပါတယ်။ ၎င်းတို့ထဲမှ အများစုကို ပြန်လည်ပို့ဆောင်ခဲ့ သော်လည်း စပိန် ပြည်ထဲရေးဝန်ကြီး ရဲ့ ပြောကြားချက်အရ ရွှေ့ပြောင်း ၅,၀၀၀ ခန့် ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။ ဆူတာမြို့တော်ဝန်  ကမူ ကျန်နေသေးတဲ့ အရေအတွက်မှာ ၉,၀၀၀ အထိ ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဒေသခံ ထောင်ပေါင်းများစွာဟာ ပိုမိုမြန်ဆန်စွာ ပြည်နှင်ဒဏ်ပေးဖို့ တောင်းဆိုကြပြီး အကျပ်အတည်းကို မက်ဒရစ်အစိုးရရဲ့ ကိုင်တွယ်ဖြေရှင်းပုံအပေါ် ဝေဖန်ရင်း ဒုတိယမြောက်နေ့အဖြစ် ဗုဒ္ဓဟူးနေ့မှာ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။ စပိန်နိုင်ငံတော်အလံများကို ကိုင်ဆောင်ထားသည့် ဆန္ဒပြသူများသည် "ကျူးကျော်မှုကို လက်မခံ - ပြည်နှင်ဒဏ်ပေး" ဟု ကြွေးကြော်ကာ အစိုးရရုံး အဆောက်အအုံများဆီသို့ ချီတက်ခဲ့ကြပါတယ်။

ဆန္ဒပြသူများသည် နောက်ပိုင်းတွင် ရွှေ့ပြောင်းအခြေချသူများ ယာယီတဲများ ထိုးထားသည့် အယ်လ် ထရမ်ပိုလင်း  ကမ်းခြေဘက်သို့ ဦးတည်သွားခဲ့ကြပါတယ်။ ရွှေ့ပြောင်းတွေနဲ့ ဒေသခံတွေကြား တင်းမာမှုများ မြင့်တက်လာချိန်တွင် ရဲတပ်ဖွဲ့က အုပ်စုနှစ်စုကို ခွဲခြားထားရန် ဝင်ရောက်စွက်ဖက်ခဲ့ပြီး ရာဘာကျည်ဆန်များဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။ ထိတွေ့ခိုက်ရန်ဖြစ်ပွားစဉ်အတွင်း ယာယီတဲအချို့ ဖျက်ဆီးခံခဲ့ရပါတယ်။

ရွှေ့ပြောင်းအခြေချသူများ အများအပြား ဝင်ရောက်လာမှုသည် လူဦးရေ ၈၄,၀၀၀ ခန့်သာရှိသော အဆိုပါ စပိန်ပိုင်နက်သေးသေးလေးရဲ့ အရင်းအမြစ်များကို ဝန်ပိစေခဲ့ပြီး ထောင်ပေါင်းများစွာသော လူများသည် ကမ်းခြေများ၊ သစ်တောများနှင့် လမ်းမများပေါ်တွင် အိပ်စက်နေကြရပါတယ်။ ဒေသဆိုင်ရာ အာဏာပိုင်များသည် ခိုလှုံခွင့်တောင်းခံမှုများကို စိစစ်ပြီး မည်သူ့ကို ပြန်လည်ပို့ဆောင်နိုင်မည်ကို ဆုံးဖြတ်နေစဉ်အတွင်း နေထိုင်စရာ၊ အစားအသောက်နှင့် သန့်ရှင်းရေးကိစ္စများကို ပံ့ပိုးပေးနိုင်ရန် ရုန်းကန်နေကြရပါတယ်။


REF: RT

#News #Myanmar

မူရင်းသတင်း — Myanmar National Post