Myanmar National Post

ဂန့်ဂေါမြို့တွင် ၂၀၂၆ခုနှစ်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား မိုးရာသီအမျိုးသား အလွတ်တန်းဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ







ဂန့်ဂေါ၊ ဩဂုတ် ၂၈

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် ခရိုင်အားကစားနှင့်ကာယပညာကော်မတီ၏ဦးဆောင်မှုဖြင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အားကစားဝါသနာရှင်များ ပူးပေါင်းကျင်းပသော ၂၀၂၆ခုနှစ်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား မိုးရာသီအမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ(၃)နာရီက ဂန့်ဂေါမြို့ မြို့နယ်အားကစားကွင်းတွင် ကျင်းပပြုလုပ်ရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ဒေါ်ယဉ်နွဲ့ဝင်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီး အကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစား ဝါသနာရှင်ပြည်သူများတက်ရောက်၍ ကြည့်ရှုအားပေးကြသည်။

ဦးစွာ အားကစားအဖွဲ့ခေါင်းဆောင်ကဦးဆောင်၍ အားကစားသမားများသည် အ.ထ.က(ဂန့်ဂေါ) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ၏ ဘင်ခရာတပ်ဖွဲ့နှင့်အတူချီတက်၍ နိုင်ငံတော်အလံအား အလေးပြုကြသည်။ ထို့နောက် ခရိုင်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်က အဖွင့်အမှာစကားပြောကြားပြီး အားကစားသမားများမှ အားကစားသစ္စာအဓိဌာန်ရွတ်ဆိုကာ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကြသည်။

ဆက်လက်၍ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်က အ.ထ.က(ဂန့်ဂေါ) ကျောင်းမှဘင်ခရာတပ်ဖွဲ့အား ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်ကာ မိုးရာသီအမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ်ယှဉ်ပြိုင်ကစားကြမည့် စည်ပင်သာယာအသင်းနှင့် ပြစ်မအသင်းတို့မှ အားကစားသမားများ အား တာဝန်ရှိသူများနှင့်အတူ ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့သည်။

ယင်းနောက် စည်ပင်သာယာအသင်းနှင့် ပြစ်မအသင်းတို့ပြိုင်ပွဲကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌက ကွင်းအတွင်းဘောလုံးကန်သွင်း၍စတင်ပေးခဲ့ကာ နှစ်ဖက်အသင်းသားများ၏ ယှဉ်ပြိုင် နေမှုကိုကြည့်ရှုအားပေးခဲ့ကြပြီး ပြိုင်ပွဲတွင် စည်ပင်သာယာအသင်းမှ ပြစ်မအသင်းအား သုံးဂိုး-ဂိုးမရှိဖြင့် အုပ်စုအဖွင့်ပွဲစဉ်တွင် အနိုင်ရရှိခဲ့သည်။

အဆိုပါ ၂၀၂၆ခုနှစ်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား မိုးရာသီအမျိုးသား အလွတ်တန်းဘောလုံးပြိုင်ပွဲကို ပြိုင်ပွဲဝင်ဘောလုံးအသင်းများဖြစ်သည့် အုပ်စု(က)တွင် ပြစ်မအသင်း၊ စည်ပင်သာယာအသင်း၊ Silver Star-FC အသင်းနှင့် ကျောတိုက်(ခ)အသင်း၊ အုပ်စု(ခ)တွင် ကျောတိုက်(က) အသင်း၊ မြို့မအသင်း၊ မြောက်ကုန်းအသင်းနှင့် မြို့သစ်ဦးအသင်းတို့ဖြင့် အုပ်စု(၂)စုခွဲကာ အုပ်စုပတ်လည် ပွဲစဉ်များကို ဩဂုတ်လ(၂၇)ရက်နေ့မှ စက်တင်ဘာလ(၇)ရက်နေ့အထိ၊ ဆီမီးဖိုင်နယ်ပွဲစဉ်ကို စက်တင်ဘာလ (၉)ရက်နေ့မှ(၁၀)ရက်နေ့အထိ၊ တတိယလုပွဲကို စက်တင်ဘာလ(၁၂)ရက်နေ့နှင့် ဗိုလ်လုပွဲစဉ်ကို စက်တင်ဘာလ(၁၃) ရက်နေ့တွင် မြို့နယ်ပြည်သူ့အားကစားကွင်းကြီးတွင် စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မောင်မျိုးမင်း

#News #Myanmar

မူရင်းသတင်း — Myanmar National Post