Myanmar National Post

ကမ္ဘာ့ ရွှေဈေး တစ်အောင်စ ဒေါ်လာ ၅၀၀၀ ဖြစ်ဖို့ လမ်းစပေါ်နေ




ဩဂုတ် - ၂၈ ( သောကြာနေ့ ) 

လက်ရှိ ရွှေဈေးက နည်းနည်း ပြန်ကျသွားပေမဲ့ ရွှေကို စုလိုသူတွေအတွက် စိုးရိမ်စရာ အခြေအနေတော့ မဟုတ်ပါ။ ကမ္ဘာ့ဘဏ္ဍာရေး ဈေးကွက်မှာ နိုင်ငံအသီးသီးရဲ့ မနိုင်မနင်း ဖြစ်လာတဲ့ အစိုးရကြွေးမြီ ပြဿနာတွေ စိုးရိမ်စရာ ပြန်ဖြစ်လာတာနဲ့အမျှ တစ်အောင်စကို ကန်ဒေါ်လာ ၅၀၀၀ အထိ ရောက်သွားနိုင်ခြေက ဒီနှစ်ကုန်ပိုင်းမှာ ပြန်ပြီး အားကောင်းလာတယ်လို့ ကျွမ်းကျင်သူ တစ်ဦးက သုံးသပ်ထားပါတယ်။

လက်ရှိ ကမ္ဘာ့ဘဏ္ဍာရေး အခြေအနေတွေအရ ရွှေဈေး ကန်ဒေါ်လာ ၁ သောင်း ဖြစ်လာဖို့ဆိုတာ မဖြစ်နိုင်တာ မဟုတ်ဘဲ "ဘယ်အချိန်မှာ ဖြစ်လာမလဲ" ဆိုတဲ့ အချိန်အခါ ကိစ္စပဲ ကျန်တော့တာပါလို့ သူက ဆိုပါတယ်။

သူ့ရဲ့ ရွှေဈေး တက်မယ်ဆိုတဲ့ အပြုသဘောဆောင်တဲ့ သုံးသပ်ချက်က ဩဂုတ်လအတွင်း ရွှေဈေး ၁၅% လောက် ထက်မက ပြန်တက်လာချိန်မှာ ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။ ဒါဟာ ၁၉၉၉ ခုနှစ် ဇန်နဝါရီလနောက်ပိုင်း တစ်လအတွင်း အကောင်းဆုံး မြင့်တက်လာခဲ့တာပါ။ လတ်တလော အပြင် ရွှေ ပေါက်ဈေးကတော့ 0.79% ကျဆင်းပြီး တစ်အောင်စကို ၄၆၂၁.၃၀ ဒေါ်လာ ဈေးပေါက်နေပါတယ်။

ဒီနှစ်အစပိုင်းမှာ ရွှေဈေးကို စံချိန်တင် အမြင့်ဆုံး ရောက်စေခဲ့တဲ့ "ငွေကြေးတန်ဖိုး ကျဆင်းမှုအပေါ် အခြေခံပြီး ရင်းနှီးမြှုပ်နှံတဲ့စနစ်" ဟာ လုံးဝ ပျောက်ကွယ်သွားခဲ့တာ မဟုတ်ဘူးလို့ သူက ရှင်းပြခဲ့ပါတယ်။ အတိုးနှုန်းတွေ မြင့်တက်လာတာနဲ့ အမေရိကန်ဒေါ်လာ တန်ဖိုး တက်လာတာတွေကြောင့် ရွှေအတွက် အဟန့်အတားဖြစ်ပြီး တိတ်ဆိတ်ငြိမ်သက်သွားခဲ့တာ ဖြစ်ပါတယ်။ 

ရွှေအတွက် လမ်းပွင့်စေမယ့် အရေးပါတဲ့ ကမ္ဘာ့စီးပွားရေး အပြောင်းအလဲ အများအပြား ပြန်ဖြစ်လာတာကြောင့် ရွှေဈေး တက်ရတာဖြစ်တယ်လို့ ဆိုပါတယ်။ အမေရိကန် ဗဟိုဘဏ်  အနေနဲ့ စီးပွားရေး စည်းကြပ်မှု ပေါ်လစီတွေကို မျှော်လင့်သလို လုပ်ဆောင်နိုင်ခြင်း မရှိသေးတာ၊ အမေရိကန် လုပ်သားဈေးကွက် အချက်အလက်တွေ လျော့နည်းလာတာနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက ရေရှည် ဘွန်းစာချုပ်တွေကို ပြန်ဝယ်ယူဖို့ ဆုံးဖြတ်လိုက်တာတွေကြောင့် အမေရိကန်ရဲ့ ဆိုးရွားလာတဲ့ ဘဏ္ဍာရေး အခြေအနေပေါ် ပြန်ပြီး အာရုံစိုက်လာကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် ရွှေဈေး ပြန်ကျသွားချိန်မှာတောင် ဒေါ်လာ ၄ ထောင်အောက် မကျဘဲ တောင့်ခံနိုင်ခဲ့ပြီး ၄၆၀၀ ကနေ ၄၇၀၀ ဝန်းကျင်အထိ ပြန်တက်လာနိုင်ခဲ့တာကြောင့် ရွှေဈေး တက်လမ်း အပေါ် သူ့ရဲ့ ယူဆချက်ကို ပိုပြီး ခိုင်မာစေခဲ့တယ်လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။

လက်ရှိ အခြေခံ ရွှေဈေး ခန့်မှန်းချက်ဟာ လာမယ့် ဆောင်းရာသီ အစောပိုင်းမှာ တစ်အောင်စကို ၄၇၅၀ ကနေ ၅၅၀၀ ကြား ဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။ ဒီဈေးနှုန်းကို မူလ မျှော်လင့်ထားတာထက် ပိုမြန်မြန် ဆွဲတင် သွားနိုင်ခြေ ရှိတယ်လို့လည်း သူက သုံးသပ်ပါတယ်။ အမေရိကန် ဗဟိုဘဏ်ရဲ့ ငွေကြေး ပေါ်လစီဟာ ရွှေဈေးနှုန်း လှုပ်ခတ်မှုအတွက် အရေးပါတဲ့ ရေတို အကြောင်းအရင်း ဖြစ်ပေမဲ့ ကမ္ဘာ့ဈေးကွက်အတွက် ပိုမိုကြီးမားတဲ့ ပြဿနာကတော့ နိုင်ငံအသီးသီးရဲ့ အစိုးရကြွေးမြီ မနိုင်မနင်း ဖြစ်လာမှုပဲ ဖြစ်နေပါတယ်။ 

အမေရိကန် အစိုးရရဲ့ ကြွေးမြီဟာ လတ်တလောမှာ ဒေါ်လာ ၄၀ ထရီလီယံ ကျော်လွန်သွားခဲ့ပြီ ဖြစ်ပေမဲ့ ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ ဒီပြဿနာကို အမေရိကန် တစ်နိုင်ငံတည်း ရှုထောင့်ကနေ မကြည့်သင့်ပါဘူး။ အစိုးရတွေအနေနဲ့ စီးပွားရေး ကျဆင်းချိန် မဟုတ်တာတောင် ဘတ်ဂျက် လိုငွေပြမှုတွေကို ဆက်လက် လုပ်ဆောင်နေကြတာကြောင့် ဘဏ္ဍာရေး အခြေအနေ ယိုယွင်းလာတာနဲ့ ရေရှည် ချေးငွေ စရိတ်တွေ မြင့်တက်လာတာတွေဟာ ဗြိတိန်၊ ဥရောပနဲ့ ဂျပန်နိုင်ငံတို့အထိပါ ရိုက်ခတ်နေတဲ့ ကမ္ဘာ့အဆင့် ပြဿနာ ဖြစ်လာနေတာပါ။

ဒီအခြေအနေဟာ ကမ္ဘာ့ ငွေကြေးဆိုင်ရာ ပိုင်ဆိုင်မှုအဖြစ် ရွှေရဲ့ အခန်းကဏ္ဍကို စီးပွားရေးနယ်ပယ်တစ်ခွင်မှာ ဆက်လက် အားကောင်း စေလိမ့်မယ်ဆိုတာကို အထူးသဖြင့် စီးပွားရေး ကျဆင်းနေတဲ့ ကာလ မဟုတ်တာတောင် ဘတ်ဂျက် သုံးစွဲမှု ပမာဏ အလွန်အမင်း များပြားနေတာနဲ့ ကြွေးမြီ ပမာဏ ကြီးမားလာတာတွေအပေါ် စိုးရိမ်ပူပန်မှုတွေ ရှိနေကြတာကြောင့် ဖြစ်ပါတယ်။

ပြောင်းလဲလာတဲ့ ဘဏ္ဍာရေး အခင်းအကျင်းဟာ ရွှေနဲ့ ပတ်သက်ပြီး အရင်ကအစဉ်အလာအရ ရှိခဲ့တဲ့ အရေးပါတဲ့ ဆက်နွှယ်မှုတစ်ခုကိုလည်း ရင်းနှီးမြှုပ်နှံသူတွေ ပြန်လည် စဉ်းစားလာအောင် တွန်းအားပေးနေပါတယ်။

ဘွန်းစာချုပ် အကျိုးအမြတ်တွေ မြင့်တက်လာတာတွေ၊ အထူးသဖြင့် ပုံမှန် ပေးလျော်နိုင်စွမ်း တွေ မြင့်တက်လာတာ နဲ့  အတိုး မထွက်တဲ့ ရွှေလို ပိုင်ဆိုင်မှုကို လက်ဝယ် ကိုင်ဆောင်ထားရတဲ့ အခွင့်အရေး စရိတ်ကို ပိုများစေတာကြောင့် ရွှေဈေးအတွက် မကောင်းတဲ့ အချက် ဖြစ်ခဲ့ပါတယ်။ 

ဘဏ်တိုးနှုန်းတွေ မြင့်တက်လာတာဟာ စီးပွားရေး ပိုမို တိုးတက်လာလို့နဲ့ ရင်းနှီးမြှုပ်နှံသူတွေဘက်က ကုမ္ပဏီတွေရဲ့ အမြတ်အစွန်းအပေါ် ပိုပြီး အကောင်းမြင်လာလို့ ဆိုရင်တော့၊ အဲဒီအခြေအနေဟာ ရွှေအတွက် တကယ်တမ်း ပြိုင်ဆိုင်မှုတစ်ခု ဖြစ်လာနိုင်ပါတယ်။

ဒါပေမဲ့ ဘဏ်တိုးနှုန်းတွေ တက်လာတာဟာ ကုန်ဈေးနှုန်း ကြီးမြင့်မှု၊ အစိုးရရဲ့ အလွန်အမင်း ကြွေးမြီ ချေးယူမှုနဲ့ ဘဏ္ဍာရေး အခြေအနေ ယိုယွင်းလာမှုတို့ကြောင့်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံသူတွေက အန္တရာယ်အတွက် အာမခံကြေး ပိုတောင်းလာတာကြောင့်ဆိုရင်တော့ ရလဒ်က စင်းစင်းကြီး ကွဲပြားသွားပါပြီ။

ဒီလို အခြေအနေမျိုးမှာ ရွှေကို ကိုင်ဆောင်ထားရတာဟာ အခွင့်အရေး စရိတ် ဆုံးရှုံးမှုအပေါ် စိစစ်တာထက် မဟုတ်တော့ဘဲ၊ မိမိရဲ့ ဝယ်ယူနိုင်စွမ်း အင်အားကို ကာကွယ်ဖို့ ပိုမို အာရုံစိုက်လာကြတာဖြစ်ပါတယ်။

လူတွေဟာ ငွေကြေးတန်ဖိုး ကျဆင်းမှု၊ ဝယ်ယူနိုင်စွမ်း ကျဆင်းမယ့် အန္တရာယ်နဲ့ ကြွေးမြီတွေကို ငွေစက္ကူ ရိုက်ထုတ်ပြီး ဖြေရှင်းမယ့် အန္တရာယ်တွေကြောင့် ရွှေကို ပိုပြီး ဝယ်ယူ သိမ်းဆည်းလာကြတာ ဖြစ်ပါတယ်။

ပုံမှန် ဘဏ်တိုးနှုန်း အနည်းငယ် ကျဆင်းသွားတာက ရွှေအတွက် အစဉ်အလာအရ ဈေးတက်စေမယ့် တွန်းအား တစ်ခု ဖြစ်စေမှာ မှန်ပေမဲ့၊ အစိုးရ ကြွေးမြီတွေအပေါ် ယုံကြည်မှု လျော့နည်းလာတာကြောင့်နဲ့ အမေရိကန် ဒေါ်လာတန်ဖိုး ကျဆင်းမှုတွေ ပါဝင်လာခဲ့ရင် အတိုးနှုန်းတွေ သိသိသာသာ မြင့်တက်နေရင်တောင်မှ ရွှေဈေးကို ပံ့ပိုးပေးနိုင်မှာပါ။ 

"အခုချိန်မှာတော့ ဒါဟာ ယုံကြည်မှုဆိုင်ရာ ကစားပွဲတစ်ခု လိုမျိုး ဖြစ်နေပြီလို့ ကျွန်တော် ထင်ပါတယ်။ ရွှေဆိုတာ ရရန်ပိုင်ခွင့် တောင်းဆိုနိုင်တဲ့ ကြွေးရှင် မရှိဘူး၊ ရှားပါးတဲ့ သဘာဝသံယံဇာတ တစ်ခုဖြစ်တယ်၊ နောက်ပြီး အခိုင်အမာ ရှိခဲ့တဲ့ သမိုင်းကြောင်း နောက်ခံလည်း ရှိတယ်။ ဒီလို အခင်းအကျင်း နောက်ခံတွေကြောင့်ပဲ ရွှေဈေးက နောက်ဆုံးမှာ ကန်ဒေါ်လာ ၁သောင်း အထိ ရောက်ရှိသွားမယ့် လမ်းကြောင်းကို မျှော်မှန်းထားတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီလို ဈေးတက်လှမ်းမှုဟာ မျဉ်းဖြောင့်အတိုင်း တန်းတက်သွားမှာ မဟုတ်ဘဲ၊ ကြီးထွားလာနေတဲ့ ဘဏ္ဍာရေး ဖိအားတွေအပေါ် ကမ္ဘာ့ဘဏ္ဍာရေး ဈေးကွက်တွေက ဘယ်လို တုံ့ပြန်မလဲ ဆိုတာပေါ်မှာ မူတည်ပါတယ်။ ဥပမာ - စီးပွားရေး ကျဆင်းမှု ဖြစ်ပေါ်လာခဲ့ရင် ရွှေဈေးကို မြင့်တက်စေသလိုတစ်ဖက်မှာလည်း အစိုးရ ဘွန်စာချုပ် ဝယ်လိုအားကို ပြန်ကောင်းလာစေနိုင်ပြီး ငွေကြေးတန်ဖိုး ကျဆင်းမှုအပေါ် အမှီပြုတဲ့ ရင်းနှီးမြှုပ်နှံမှု ဖိအားတွေကို ခဏတာ သက်သာရာ ရစေနိုင်ပါတယ်။

လတ်တလော ဈေးနှုန်း ပြန်ကျသွားချိန်မှာ တရုတ် ရင်းနှီးမြှုပ်နှံသူတွေဟာ အဓိက ဝယ်ယူသူတွေ ဖြစ်ခဲ့ကြပြီး၊ အနောက်နိုင်ငံတွေရဲ့ ပါဝင်မှု လျော့နည်းနေချိန်မှာတောင် ရွှေဈေးကို ၄၀၀၀ ဝန်းကျင်မှာ ခိုင်မာတဲ့ အထိုင်ရသွားအောင် ကူညီပေးခဲ့တာပါ။ အခုလို ရွှေဈေးဟာ ၄၇၀၀ ဝန်းကျင်အထိ ပြန်လည် မြင့်တက်လာခဲ့တာကြောင့် အခြေခံ ဝယ်လိုအားရဲ့ အားကောင်းမှုကို မြင်တွေ့ခဲ့ရတဲ့ အနောက်နိုင်ငံက ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ နောက်တစ်ကြိမ် နည်းပညာရပ်ဆိုင်ရာ ဈေးကျဆင်းမှု မျိုး ဖြစ်လာရင် ပိုမို ဝယ်ယူဖို့ စိတ်အားထက်သန်လာနိုင်တယ်ပါတယ်။

စီးပွားရေး တိုးတက်ခါစ နိုင်ငံအများစုရဲ့ ဗဟိုဘဏ်တွေဟာ ဒုတိယ သုံးလပတ်အတွင်းမှာ ရွှေကို အလွန်အမင်း ဆက်လက် ဝယ်ယူခဲ့ကြသလို၊ တရုတ်နိုင်ငံမှ တစ်သီးပုဂ္ဂလ ရင်းနှီးမြှုပ်နှံသူတွေကလည်း နွေရာသီ မတိုင်မီ ကာလအထိ စံချိန်တင် ပမာဏများစွာ ရွှေကို စုဆောင်းဝယ်ယူခဲ့ကြပါတယ်။

ဒီလို ငွေကြေး စီးဝင်မှုတွေဟာ ရွှေဈေးကို လအလိုက် လှုပ်ခတ်စေတဲ့ ရေတို နည်းဗျူဟာမြောက် တွန်းအားတွေ နဲ့ ကမ္ဘာ့ ငွေကြေးဆိုင်ရာ ပိုင်ဆိုင်မှုအဖြစ် ရေရှည် ပံ့ပိုးပေးထားတဲ့ ရေရှည် အဆောက်အအုံဆိုင်ရာ တွန်းအားတွေ အကြားက အရေးပါတဲ့ ကွဲပြားချက်ကို မီးမောင်းထိုးပြနေတာ ဖြစ်ပါတယ်။

ပထဝီနိုင်ငံရေး ပြိုကွဲမှုတွေ၊ စစ်စရိတ် သုံးစွဲမှု မြင့်တက်လာတာတွေ၊ ဘတ်ဂျက် လိုငွေပြမှု ကြီးထွားလာတာနဲ့ အစိုးရ ကြွေးမြီ မနိုင်မနင်း ဖြစ်လာမှုအပေါ် စိုးရိမ်ပူပန်မှုတွေဟာ ပျောက်ကွယ်သွားခဲ့ခြင်း မရှိပါဘူး။ အချို့သော အခြေအနေတွေမှာ ပထဝီနိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် အဲဒီ ဖိအားတွေ ပိုမို ပြင်းထန်လာခဲ့တယ်လို့ သူက ဆိုပါတယ်။


REF: Kitco

#News #Myanmar

မူရင်းသတင်း — Myanmar National Post