
နေပြည်တော်၊ ဩဂုတ် ၂၉
ဖလမ်းမြို့ကို တပ်မတော်ကအလုံးစုံထိန်းချုပ်ပြီးနောက် တိုက်ပွဲရှောင်ပြည်သူများသည် နေရပ်သို့ပြန်လာကြရာ မေ ၆ ရက်မှ ဩဂုတ် ၂၇ ရက်အထိ ဖလမ်းမြို့ရှိ မြို့ပေါ်ရပ်ကွက် ရှစ်ခုသို့ ပြန်လည်ဝင်ရောက်လာသူ စုစုပေါင်း ၃၆၅၉ ဦးရှိပြီဖြစ်ကာ ဖလမ်းမြို့နယ်အတွင်း ပြန်လည် ဝင်ရောက်နေထိုင်သူစုစုပေါင်း ၄၁၅၉၀ ရှိပြီဖြစ်ကြောင်း သိရသည်။
၂၇-၈-၂၀၂၆ ရက်နေ့ ညနေပိုင်းက ကလေး-ဖလမ်းလမ်းပိုင်း ဖလမ်းမြို့အဝင်တွင် ကလေးမြို့မှ ဖလမ်းမြို့သို့ နေရပ်ပြန်လာသည့် ဒေသခံပြည်သူ ၉၆ ဦးကို ကြိုဆိုနှုတ်ဆက်ခဲ့ပြီး နေရပ်ပြန်ဒေသခံပြည်သူများကို စာရင်းကောက်ယူနေမှု၊ ကော်ဖီနှင့်မုန့်တိုက်ကျွေးနေမှုကို နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦးသည် ချင်းပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီဝင်များ၊ ဖလမ်းမြို့ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်း ကော်မတီဝင်များနှင့်အတူ ကြည့်ရှုအားပေးကာ ဆန်၊ ဆီများ ထောက်ပံ့ပေးအပ်၍ အားပေးစကားပြောကြားသည်။
ဆက်လက်၍ ဖလမ်းမြို့တွင်း တစ်စိတ်တစ်ပိုင်းပျက်စီးသည့် ဌာနဆိုင်ရာအဆောက်အအုံများကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ပြုပြင်တည်ဆောက်လျက်ရှိရာ ဖလမ်းမြို့ ဖါရ်ထောက်ရပ်ကွက်ရှိ ပညာရေးဌာနဝန်ထမ်းအိမ်ရာပြုပြင်နေမှုနှင့် မူလတန်းလွန်ကျောင်းကျောင်းဆောင်ပြုပြင်နေမှု၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ၂ ခန်းတွဲ ၂ ထပ်နှင့် ၄ ခန်းတွဲ ၂ ထပ်အိမ်ရာများ ပြုပြင်နေမှု၊ ကျင်မွာလ်ရပ်ကွက်ရှိ ခရိုင်ရဲတပ်ဖွဲ့ ၆ ခန်းတွဲ ၂ ထပ်အိမ်ရာပြုပြင်နေမှု၊ ကျန်းမာရေးဌာနဝန်ထမ်းအိမ်ရာပြုပြင်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ထို့ပြင် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် ဌာနဆိုင်ရာအဆောက်အအုံများအနက် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ ဦးစီးအရာရှိနေအိမ်၊ ဦးစီးအရာရှိ (မြို့ပြ) ရုံးနှင့် ဝန်ထမ်းအိမ်ရာများပြုပြင်ပြီးစီးမှု၊ မြန်မာ့စီးပွားရေးဘဏ်ရုံးအဆောက်အအုံ၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာနရုံးနှင့် မြို့နယ်မြေစာရင်းဦးစီးဌာနရုံး ပြုပြင်ပြီးစီးမှုများကို ကြည့်ရှုစစ်ဆေးသည်။
အလားတူ တီးတိန်မြို့ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း စတိုဆောင်ပြုပြင်ခြင်း၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း အုပ်ချုပ်မှုရုံး၊ ၂ ထပ် သင်တန်းခန်းမဆောင်၊ စားရိပ်သာ၊ မီးဖိုချောင်၊ သင်တန်းခန်းမနှင့် သင်တန်းသူ ၂ ထပ်အိပ်ဆောင် ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ မြို့နယ်သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီး ဌာန၊ ဝန်ထမ်းအိမ်ရာ ၄ ခန်းတွဲ ၂ ထပ် အဆောက်အအုံပြုပြင်ခြင်း လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။
ထို့ပြင် တွန်းဇံမြို့ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူးသည် ကော်မတီအဖွဲ့ဝင်များနှင့်အတူ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၆ ခန်းတွဲ ဝန်ထမ်းအိမ်ရာ RC ၂ ထပ် ပြုပြင်ခြင်း၊ မီးသတ်ရေကန်ပြုပြင်ခြင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး နေအိမ်နံကပ်တစ်ထပ် ပြုပြင်ခြင်း၊ လမ်းဦးစီးဌာန ဧည့်ရိပ်သာပြုပြင်ခြင်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
#News #Myanmar