
ပုသိမ်၊ အောက်တိုဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ် (၁၃) ရပ်ကွက်၊ ရွှေမြင့်မိုရ်အိမ်ရာဝန်း အနောက်ဘက် လယ်ကွင်းစပ်အနီး လူသတ်၍ ဆိုင်ကယ်လုယက်ယူဆောင်သူအား ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ တရားလို အမှတ်(၁၃)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းအောင်မှ အောက်တိုဘာလ ၆ ရက်နေ့ ညနေ၄နာရီခွဲ အချိန်ခန့်တွင် ပုသိမ်မြို့၊ အမှတ်(၁၃)ရပ်ကွက်၊ ရွှေမြင့်မိုရ်အိမ်ရာဝန်း အနောက်ဘက် လယ်ကွင်းစပ်အနီး ကိုင်းပင်ကြားတွင် အမည်မသိသူ ယောက်ျားရုပ်အလောင်း တစ်လောင်းအား တွေ့ရှိရကြောင်း ပုသိမ်မြို့မရဲစခန်းမှူး ဒုရဲမှူး ကျော်ဇေလတ်ထံသို့ အကြောင်းကြားသဖြင့် ပုသိမ်မြို့မရဲစခန်းမှူး ဒုရဲမှူး ကျော်ဇေလတ်နှင့်အဖွဲ့မှ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ရာ အသက် (၃၅)နှစ်ခန့်၊ အရပ်(၅)ပေ(၂)လက်မခန့်၊ ခန္ဓာကိုယ်၌ ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရပြီး အသက်(၃၅)နှစ်ခန့် အမည်မသိအမျိုးသားအား နာကျင်ဒဏ်ရာများရရှိကာ အသက်သေဆုံးအောင် ပြုလုပ်ခဲ့သူအား စုံစမ်းဖော်ထုတ်၍ ဥပဒေအရအရေးယူပေးပါရန် တိုင်တန်းခဲ့ခြင်းဖြစ်သည်။
အမှုနှင့်ပတ်သက်၍ ပုသိမ်ခရိုင်ရဲတပ်ဖွဲ့မှူး၏ လမ်းညွှန်မှု၊ ပုသိမ်မြို့နယ်ရဲတပ်ဖွဲ့မှူး၏ အနီးကပ်ကြပ်မတ်မှုတို့ဖြင့် အမှုစစ် ဒုရဲမှူး ကျော်ဇေလတ်မှ အမှုမှ တရားလိုနှင့် သက်သေများအား စစ်ဆေးခြင်း၊ အခင်းဖြစ်ရပ်အား အသေးစိတ်စစ်ဆေးခြင်း၊ သေသူအနီးရှိ သက်သေခံ ပစ္စည်းများ သိမ်းဆည်းခြင်း၊ သေသူအား ဆေးစာရေးသား၍ ပုသိမ်ဆေးရုံကြီးသို့ ပို့အပ်ခြင်း၊ မှတ်တမ်းဓါတ်ပုံ ရိုက်ကူးခြင်း၊ သေဆုံးသူအား မည်သူမည်ဝါဖြစ်သည်ကို သိရှိနိုင်ရန်အတွက် သေဆုံးသူ၏ လက်ဗွေမှတ်တမ်းရယူခြင်းတို့ ဆောင်ရွက်ထားရှိခဲ့ပါသည်။
အမှုမှ သေဆုံးသူနှင့် တရားခံတို့အား သိရှိနိုင်ရေးအတွက် အခင်းဖြစ်ရပ် အနီးပတ်ဝန်းကျင်ရှိ CCTV မှတ်တမ်းများအား စစ်ဆေးဆောင်ရွက်ခဲ့ရာတွင် ADV အမျိုးအစား ဆိုင်ကယ်အား အဝါရောင် အင်္ကျီဝတ်ဆင်ထားသည့် အမည်မသိ သေဆုံးသူအမျိုးသားမှ မောင်းနှင်၍ နောက်တွင် အမည်မသိ အမျိုးသားတစ်ဦးမှ လိုက်ပါစီးနင်းလာသည့် CCTV မှတ်တမ်းအား တွေ့ရှိသိမ်းဆည်းခြင်း၊ သေဆုံးသူမှာ မည်သူဖြစ်ကြောင်း စုံစမ်းခဲ့ရာ ပုသိမ်မြို့၊ အမှတ်(၃)ရပ်ကွက်၊ မြကျွန်းသာအိမ်ရာ၊ ရွှေမင်္ဂလာလမ်းတွင် နေထိုင်သူဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပြီး သေဆုံးသွားသူတွင် ဆိုင်ကယ်ယာဉ်အမှတ် AYY 53062 ADV အမျိုးအစားခဲ/ဖြူရောင် ဆိုင်ကယ်(၁)စီး ပါသွားကြောင်း စုံစမ်းသိရှိရသဖြင့် နီးစပ်ရာ ရဲစခန်းများနှင့် စစ်ဆေးရေးဂိတ်များသို့ ပိတ်ဆို့ရှာဖွေနိုင်ရေး အချက်အလက်များ ပေးပို့ခဲ့ရာတွင် ကျောင်းကုန်းမြို့၌ ဆိုင်ကယ်(၁)စီးအား လိုက်လံရောင်းချနေသည့် အမှတ်(၁၅)ရပ်ကွက်၊ ပုသိမ်မြို့နေသူအား ကျောင်းကုန်းရဲစခန်းမှူး ဒုရဲမှူး ဇော်ဝေလင်းနှင့်အဖွဲ့မှ မသင်္ကာ၍ ခေါ်ယူစစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိသဖြင့် ပုသိမ်မြို့မရဲစခန်းမှူး ဒုရဲမှူး ကျော်ဇေလတ်နှင့်အဖွဲ့မှ အောက်တိုဘာလ၆ ရက်နေ့ ၂၁၃၀ အချိန် ကျောင်းကုန်းမြို့မရဲစခန်းသို့ သွားရောက် အတည်ပြုစစ်ဆေးခဲ့ရာ သေဆုံးသူ၏ ဆိုင်ကယ်အမှတ် AYY 53062 ADV အမျိုးအစား ခဲ/ဖြူရောင် ဆိုင်ကယ်အား ယူဆောင်လာခဲ့ကြောင်း၊ ၎င်းမှ အနက်ရောင်ကြိုးဖြင့် သေဆုံးသူအား လည်ပင်းအား ညှစ်၍သတ်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေး ပေါ်ပေါက်သဖြင့် ကျောင်းကုန်းမြို့မရဲစခန်းမှ တရားခံနှင့် သက်သေခံပစ္စည်း ဆိုင်ကယ်တို့အား လွှဲပြောင်း/ လက်ခံ၍ ပုသိမ်မြို့မရဲစခန်းသို့ ခေါ်ဆောင်လာခဲ့သည်။
အမှုမှ တရားခံဖြစ်သူ ဒိုက်ထူလမ်း၊ အမှတ် (၁၅)ရပ်ကွက်၊ ပုသိမ်မြို့နေသူအား ပုသိမ်မြို့မရဲစခန်း အချုပ်၌ ချုပ်နှောင်ထားရှိခဲ့ပြီး တရားခံ အသေးစိတ်စစ်ဆေးခြင်း၊ ချုပ်မိန့်ရီမာန်တောင်းခံပြီး ဖြောင့်ချက်ရယူသွားရန်နှင့် ကျန်ရှိရဲလုပ်ငန်းများ ပြည့်စုံစွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
#News #Myanmar