Eleven Media Group

တရုတ်ရုပ်ရှင်ဇာတ်ကား “Dear you” ကို ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် ရုံတင်ပြသ

တရုတ်ရုပ်ရှင်ဇာတ်ကား “Dear you” ကို ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် ရုံတင်ပြသလျက်ရှိကြောင်း သိရသည်။

ဩဂုတ် ၂၇ ရက်က ရန်ကုန် တရုတ်ယဉ်ကျေးမှုစင်တာ၌ ကျင်းပခဲ့သည့် China Media Group (CMG) နှင့် ရန်ကုန် တရုတ်ယဉ်ကျေးမှုစင်တာတို့ပူးပေါင်းကျင်းပသော “ရုပ်သံစကားဝိုင်း” တွင် “Dear you” ရုပ်ရှင်ဇာတ်ကားအကြောင်းကို အဓိကဆွေးနွေးခဲ့ပြီး ယင်းစကားဝိုင်းသို့ မြန်မာနိုင်ငံ ရုပ်သံ၊ ယဉ်ကျေးမှုနှင့် မီဒီယာနယ်ပယ်မှ ဧည့်သည်တော်များကို ဖိတ်ကြားခဲ့သည်။

စကားဝိုင်းတွင် မကြာသေးမီနှစ်များအတွင်း ကျင်းပခဲ့သည့် တရုတ်ရုပ်ရှင်သီတင်းပတ် စသည့် ရုပ်သံယဉ်ကျေးမှု ဖလှယ်ရေးလှုပ်ရှားမှုများနှင့် ပေါင်းစပ်ကာ ရုပ်သံဇာတ်ကားများက မတူညီသော ယဉ်ကျေးမှုနောက်ခံရှိ ပရိတ်သတ်များအကြား စိတ်ခံစားချက်နှင့်ယဉ်ကျေးဆိုင်ရာ တူညီသောခံစားချက်များကို ပိုမိုရရှိလာစေခြင်း၊ နိုင်ငံများအကြား ပြည်သူချင်း ကူးလူးဆက်ဆံမှုနှင့် မီဒီယာ ရုပ်သံပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ပေးခြင်း စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဒါရိုက်တာ ဒေါ်ဆွေဇင်ထိုက်က “Dear you” ဇာတ်ကားသည် စိတ်လှုပ်ရှားဖွယ် အသေးစိတ်ကျသော ရုပ်ရှင်ရိုက်ကူးမှုပုံစံဖြင့် မျိုးဆက်သုံးဆက်၏ မတူညီသော ခေတ်ကာလပုံစံနှင့် ဘဝဖြတ်သန်းမှုပုံစံကို ဖော်ပြထားကြောင်း၊ ဇာတ်ကားသည် ခံစားချက်စစ်မှန်ပြီး ခံစားချက်ကိုထပ်တူကျစေရုံသာမက နိုင်ငံရပ်ခြားရောက် တရုတ်နွယ်ဖွားတို့အကြား အပြန်အလှန်ရိုင်းပင်းကူညီကြသည့်၊ စည်းလုံးကြသည့် စိတ်ဓာတ်ကိုလည်း အသေးစိတ်ဖော်ကျူးထားကြောင်း ပြောကြားခဲ့သည်။

တက်ရောက်လာသူများကလည်း လက်ရှိတွင် တရုတ်ရုပ်ရှင် “Dear you” ကို မြန်မာနိုင်ငံတွင် ရုံတင်ပြသလျက်ရှိကြောင်း၊ လက်မှတ်ရောင်းရငွေကောင်းမွန်ရုံသာမက မြန်မာပရိသတ်များစွာကိုလည်း ရင်တွင်းခံစားချက်များ ဖြစ်ပေါ်စေခဲ့ကြောင်း၊ အဆိုပါဇာတ်ကားသည် ဆယ်စုနှစ်အချို့ကိုကျော်ဖြတ်ခဲ့သည့် နွေးထွေးသော ဇာတ်လမ်းတစ်ပုဒ်မှတစ်ဆင့် မိသားစုသံယောဇဉ်၏အဖိုးတန်မှုကို ဖော်ကျူးထားကြောင်း၊ တရုတ်ရုပ်သံ ဇာတ်ကားကောင်းများ မြန်မာနိုင်ငံသို့ ပိုမိုဝင်ရောက်လာသည်နှင့်အမျှ နှစ်နိုင်ငံပရိသတ်များအကြား ရုပ်ရှင်မှတစ်ဆင့် နားလည်မှုများ တိုးပွားလာပြီး ယဉ်ကျေးမှုဖလှယ်မှုများ ပိုမိုနက်ရှိုင်းလာရာ ရုပ်သံသည် တရုတ်-မြန်မာ ပြည်သူချင်း ကူးလူးဆက်ဆံရေး၏ အရေးပါသော တံတားတစ်စင်း ဖြစ်လာခဲ့သည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

“Dear you” ရုပ်ရှင်ဇာတ်ကားသည် ထုတ်လုပ်မှုစရိတ် တရုတ်ယွမ်ငွေ ၁၄ သန်းသာ ကုန်ကျခဲ့သော်လည်း လက်ရှိတွင် တရုတ်ပြည်မကြီး၌ စုစုပေါင်းလက်မှတ်ရောင်းရငွေ ယွမ် ၂ ဘီလျံကျော် ရရှိခဲ့ပြီး နိုင်ငံတကာတွင် လက်မှတ်ရောင်းရငွေ ယွမ် တစ်ဘီလျံကျော်လွန်ခဲ့ပြီဟု အဆိုပါရုပ်ရှင်ဆိုင်ရာ အချက်အလက်များအရ သိရသည်။

လက်ရှိတွင် စင်ကာပူ၊ မလေးရှား၊ ဘရူနိုင်း၊ ဩစတြေးလျ၊ နယူးဇီလန်၊ ဗြိတိန်၊ အိုင်ယာလန်၊ ဂျပန်၊ ဗီယက်နမ်၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် မြန်မာ အပါအဝင် နိုင်ငံများစွာတွင် ရုံတင်ပြသခဲ့ပြီးဖြစ်ကြောင်း သိရသည်။

b.png


မူရင်းသတင်း — Eleven Media Group