Eleven Media Group

■ အမေရိကန်၊ အင်ဒိုနီးရှားနှင့် မဟာမိတ်နိုင်ငံများက အာရှ-ပစိဖိတ်ဒေသအတွင်း ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်

အမေရိကန်၊ အင်ဒိုနီးရှားနှင့် အခြားမဟာမိတ် ၁၀ နိုင်ငံကျော်တို့သည် အာရှ-ပစိဖိတ်ဒေသအတွင်း ကာကွယ်ရေးစွမ်းရည် တိုးမြှင့်ရန်နှင့် ကျူးကျော်မှုများကို ဟန့်တားရန်အတွက် နှစ်စဉ်ပြုလုပ်နေကျ ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို ဩဂုတ် ၃၁ ရက်တွင် စတင်ခဲ့သည်။

အင်ဒိုနီးရှားသည် အမေရိကန်နှင့်ရော တရုတ်နှင့်ပါ ဆက်ဆံရေးကောင်းမွန်ရန် သံတမန်ရေးအရ ထိန်းညှိဆောင်ရွက်နေပြီး ကြားနေနိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးသည်။

အရှေ့တောင်အာရှ၏ အင်အားကြီးနိုင်ငံဖြစ်သော အင်ဒိုနီးရှားသည် ယခုလအတွင်း တရုတ်နိုင်ငံနှင့် ပူးတွဲရေတပ် စစ်ရေးလေ့ကျင့်မှုတစ်ခုပြုလုပ်ခဲ့ပြီး ထိုစစ်ရေးလေ့ကျင့်မှုကို တရုတ် (တိုင်ပေ) က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။

အင်ဒိုနီးရှား၊ အမေရိကန်နှင့် အချို့သော မဟာမိတ်နိုင်ငံများသည် Super Garuda Shield ဟု လူသိများသည့် နှစ်စဉ်ပြုလုပ်သော စစ်ရေးလေ့ကျင့်မှုများတွင် ပါဝင်ခဲ့သည်မှာ ဆယ်စုနှစ်နှစ်ခုနီးပါး ရှိပြီဖြစ်သည်။

ယခုနှစ် စစ်ရေးလေ့ကျင့်မှုတွင် ဗြိတိန်၊ ပြင်သစ်နှင့် ဂျပန်အပါအဝင် မဟာမိတ်နိုင်ငံများမှ စစ်သည်အင်အား ၄၇၀၀ ပါဝင်မည်ဖြစ်ပြီး ဆူမားတြားနှင့် ဘော်နီယိုကျွန်းများ အပါအဝင် အင်ဒိုနီးရှား၏ နေရာဒေသ အများအပြားတွင် စက်တင်ဘာ ၁၁ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်သည်။

အရှေ့တီမော၊ အီတလီ၊ ထိုင်းနှင့် အခြားနိုင်ငံများကမူ လေ့လာသူများကို စေလွှတ်ထားကြသည်။

Ref: AFP

မူရင်းသတင်း — Eleven Media Group