
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အမှတ် (၉) ရပ်ကွက်၊ ရွှေဘိုလေးကွေ့အနီး ရန်ကုန်-မန္တလေးလမ်းပေါ်တွင် ယနေ့ စက်တင်ဘာ ၁ ရက် နံနက် ၆ နာရီဝန်းကျင်ခန့်က တွဲကားနှင့် ဆီဘောက်ဆာကားတို့ တိုက်မိမှုဖြစ်ပွားခဲ့ ပြီး ဆီဘောက်ဆာယာဉ် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ တောင်ငူမြို့နယ် ရန်ကုန်-မန္တလေး လမ်းမဟောင်းအတိုင်း မန္တလေးဘက်မှရန်ကုန်ဘက်သို့ မောင်းနှင်လာသော ယာဉ်အမှတ် 1K/---- Nissan လိမ္မော်ရောင် တွဲကား (တွဲအမှတ် TLR 9294) နှင့် ရန်ကုန်ဘက် မန္တလေးဘက်သို့မှ မောင်းနှင်လာသော ယာဉ်အမှတ် MDY 14၊ 1T/---- Dongfeng အဖြူရောင် ဆီဘောက်ဆာကား (နောက်တွဲအမှတ် 3 TLR 1888) တို့သည် တောင်ငူမြို့ အမှတ် ၉ ရပ်ကွက် ရွှေဘိုလေးကွေ့ အနီးသို့ အရောက်တွင် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါယာဉ်နှစ်စီးမှာ လမ်းကွေ့အတွင်း တွဲကား၏ နောက်ပိုင်းနှင့် ဆီဘောက်ဆာယာဉ်၏ ကိုယ်ထည်အလယ်ပိုင်းတို့ တိုက်မိခဲ့ခြင်းဖြစ်ပြီး တိုက်မိမှုကြောင့် 1K/----- တွဲကားမှာ လမ်းမပေါ်တွင် တိမ်းမှောက်သွားခဲ့ကာ ဆီဘောက်ဆာကားမှာ မီးလောင်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားပြီးနောက် သက်ဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ မြို့ပေါ်ရှိ ပရဟိတအသင်းအဖွဲ့များပူးပေါင်း၍ မီးငြှိမ်းသတ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။
နံနက် ၇ နာရီခွဲအချိန်ခန့်အထိ ဆီဘောက်ဆာယာဉ်မှာ မီးလောင်နေဆဲဖြစ်ပြီး ဆီတင်ဆောင်ထားသည့် ယာဉ်ဖြစ်သဖြင့် ပေါက်ကွဲနိုင်ခြေရှိသည့်အတွက် မီးသတ်နှင့် ကယ်ဆယ်ရေးအဖွဲ့များအနေဖြင့် ယာဉ်အနီးသို့ အလွန်နီးကပ်စွာ သွားရောက်ခြင်းမပြုဘဲ အကွာအဝေးတစ်ခုမှ မီးငြှိမ်းသတ်မှုများ ပြုလုပ်နေရကြောင်း မီးကူညီငြိမ်းသတ်လျှက်ရှိသည့် ပရဟိတ တာဝန်ရှိသူတစ်ဦးထံမှသိရသည်။
ဖြစ်စဉ်အတွင်း ထိခိုက်ဒဏ်ရာရရှိသူ၊ သေဆုံးသူများနှင့် ယာဉ်မတော်တဆမှု ဖြစ်ပွားရသည့် အကြောင်းရင်းတို့ ကို လတ်တလောတွင် အသေးစိတ် မသိရှိရသေးကြောင်း၊ သတင်းအချက်အလက်များ ထပ်မံရရှိပါက ဆက်လက်ဖော်ပြပေးသွားမည် ဖြစ်ပါသည်။
■ပုံစာ။ တောင်ငူမြို့ အမှတ် ၉ ရပ်ကွက် ရွှေဘိုလေးကွေ့ အနီး ရန်ကုန်-မန္တလေး လမ်းမဟောင်းပေါ်တွင် ဆီဘောက်ဆာမီးလောင်မှုဖြစ်ပွားရာတွင် မီးငြိမ်းသတ်နေသည်ကိုတွေ့ရစဉ်