
မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ဦးလေးကျေးရွာနှင့် ချောင်းနှစ်ခွကျေးရွာကြားရှိ ရေကြီးရေလျှံမှုဖြစ်ပေါ်နေသည့် ကျေးရွာများ၌ ရေသန့်နှင့် အစားအစာလိုအပ်ချက်များရှိနေကြောင်း ဒေသခံများနှင့် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။
ကျိုက်မရောမြို့နယ် နိတုံ၊ ကွမ်ငန်း၊ လမုခို၊ ကော့ဒွန်း၊ ကော့ပနော့၊ ဖာသိမ်၊ မဲကသန်၊ ပေါလောကုန်း၊ ဖာသိမ်ကမ်းနားနှင့် ချောင်းနှစ်ခွကျေးရွာအုပ်စုအတွင်းရှိသည့်ကျေးရွာများအတွင်း ပြီးခဲ့သည့် ဩဂုတ်လ ဒုတိယအပတ်မှစတင်ကာ ရေကြီးရေလျှံမှုဖြစ်ပေါ်နေကြောင်း မဲကသန်ကျေးရွာ ဒေသခံတစ်ဦးက ပြောကြားသည်။
၎င်းက ဆက်လက်ပြီး “ရေစကြီးကတည်းက ရွာခံတွေက စားနပ်ရိက္ခာတွေ စုပြီး ရေဘေးလွတ်တဲ့နေရာမှာ စုနေကြတာ။ အခုက ရေကြီးတဲ့အချိန်ကြာလာတော့ စုဆောင်းထားတဲ့ ရိက္ခာတွေလည်း ကုန်သလောက်ဖြစ်နေတော့ ရေသန့်နဲ့ အစားအစာ လိုအပ်ချက်တွေ ရှိနေပါတယ်” ဟု ပြောကြားသည်။
ထို့အပြင် အတ္ထရံမြစ်ကမ်းတလျှောက် ရေကြီးရေလျှံမှုဖြစ်ပေါ်နေသည့် ကျေးရွာအများအပြားရှိနေကြောင်းနှင့် ကူညီထောက်ပံ့သူများ ရောက်ရှိလာခြင်းမရှိသေးသည့် ကျေးရွာများလည်းရှိနေသေးကြောင်း ၎င်းဒေသခံက ဆိုသည်။
ရေကြီးရေလျှံမှုဖြစ်ပေါ်နေသည့် ကျေးရွာများသို့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တချို့မှ တတ်နိုင်သမျှ လိုက်လံထောက်ပံလှူဒါန်းမှုများရှိကြောင်း မုဒုံမြို့နယ် ကမာဝက်မြို့အခြေစိုက် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
၎င်းက ဆက်လက်ပြီး “တချို့ရွာတွေက ရေကြီးနေတာကြာနေပေမယ့် ကူညီမယ့်သူတွေ မရောက်ကြသေးဘူးလို့ သိရလို့ လက်လှမ်းမှီသလောက်လေး လိုက်လံထောက်ပံ့မှုတွေ လုပ်ဆောင်ပေးနေပါတယ်။ အဓိက ရေသန့်နဲ့ ခေါက်ဆွဲခြောက်တွေ၊ နောက်ပြီး အသီးအနှံတွေ ထောက်ပံ့လှူဒါန်းပေးခဲ့ပါတယ်” ဟု ပြောကြားသည်။
ကျိုက်မရောမြို့နယ်အတွင်း ရေကြီးရေလျှံမှုဖြစ်ပေါ်နေသည့် ကျေးရွာများသို့ ရေသန့်နှင့် အစားအစာများ ထောက်ပံ့လှူဒါန်းပေးနိုင်ရာ သက်ဆိုင်ရာဒေသတာဝန်ခံများနှင့် ချိတ်ဆက်ကာ ဆောင်ရွက်ပေးနေပါကြောင်း ချောင်းဆုံမြို့နယ် ကိုယ်စားလှယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကိုဝင်းသန်းက ပြောကြားသည်။
မိုးသည်းထန်စွာရွာသွန်းမှုနှင့် တောင်ကျရေကြောင့် အတ္ထရံမြစ်ရေလျှံမှုဖြစ်ပေါ်နေပြီး မြစ်ကမ်းဘေးတလျှောက်ရှိ ကျိုက်မရောမြို့ပေါ်ရပ်ကွက် (၂) ခု အပါအဝင် ရပ်ကွက်/ကျေးရွာအုပ်စု (၁၅) ခုမှ အိမ်ခြေပေါင်း (၆၆၀၀) ကျော် ရေဝင်ရောက်မှုရှိနေဆဲဖြစ်ပြီး အိမ်ထောင်စုပေါင်း (၆၆၉၇) စုမှ လူဦးရေ (၃၂၀၀၀) ကျော် ရေဘေးသင့်နေကြောင်းနှင့် အခြေခံပညာစာသင်ကျောင်းပေါင်း (၃၇) ခန့်အား ယာယီပိတ်ထားဆဲဖြစ်ကြောင်း သိရသည်။
Photo Credit - ကမာဝက် (NTY) လူမှုကူညီရေးအသင်း (ကမာဝက်မြို့)