Eleven Media Group

■ အုတ်တွင်းမြို့နယ်တွင် အိမ်လခပေးငှားနေကာ လနှင့်ချီ၍ မော်တော်ယာဉ်ဖြင့် လှည့်လည်ပြီး အလှူခံလုပ်စားနေသည့် အဖွဲ့တစ်ဖွဲ့အား ဖမ်းဆီးအရေးယူ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် အိမ်လခပေးငှားနေကာ လနှင့်ချီ မော်တော်ယာဉ်ဖြင့် လှည့်လည်ပြီး အလှူခံလုပ်စားနေသည့်အဖွဲ့တစ်ဖွဲ့အား သြဂုတ် ၃၁ ရက်နေ့တွင် သက်ဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းဖမ်းဆီး အရေးယူထားကြောင်း အုတ်တွင်းမြို့နယ် သာ/ထိန်းအဖွဲ့ထံမှ သိရသည်။

ဖြစ်စဉ်မှာ အုတ်တွင်းမြို့နယ်၊ ညောင်ခြေထောက်မြို့အတွင်း မော်တော်ယာဉ်ပေါ်တွင် ဗီနိုင်းများချိတ်ဆွဲ၍ အလှူခံလုပ်စားနေကြောင်း သတင်းရသဖြင့် နိုင်/ဗဟို ဝန်ဆောင် ဂန္ထဝါစကပဏ္ဍိတ ဆရာတော် ဘဒ္ဒန္တဩဘာသ (အလင်းရတနာဆရာတော်) ၏ ညွှန်ကြားချက်အရ မြို့နယ်သာသနာထိန်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ဆေးချက်များအရ အဆိုပါ အလှူခံလုပ်စားအဖွဲ့သည် ယခင်ကလည်း ပေါက်တောကျေးရွာအတွင်း လိမ်လည်အလှူခံစဉ် ဖမ်းဆီးရမိခဲ့ဖူးသဖြင့် ခံဝန်လက်မှတ်ထိုးခိုင်းကာအစိမ်းရောင်ဗီနိုင်းများကို သိမ်းဆည်း၍ မြို့နယ်အတွင်းမှ ချက်ချင်းထွက်ခွာရန် စေလွှတ်ခဲ့ဖူးသည့်အဖွဲ့ဖြစ်ကြောင်း၊ ၎င်းအဖွဲ့သည် မြို့နယ်အတွင်းမှ ထွက်ခွာခြင်းမရှိဘဲ ကျောင်းရှစ်ဆယ်အုပ်စု၊ ထန်းကုန်းကျေးရွာရှိ နေအိမ်တစ်လုံးအား တစ်လလျှင် ကျပ် (၁) သိန်းခွဲဖြင့် ငှားရမ်းနေထိုင်ကာ အလှူခံစာရွက်စာတမ်းပါ ရက်စွဲများကို ဖုန်းမှတစ်ဆင့် ပြန်လည်ပြင်ဆင် Print ထုတ်ယူ၍ ဗီနိုင်းအသစ်များဖြင့် ထပ်မံလိမ်လည် အလှူခံနေခြင်းဖြစ်ကြောင်း သိရသည်။

အလှူခံလုပ်စားနေသည့်အဖွဲ့အား ဖမ်းဆီးမိသည့်အခြေအနေနှင့်ပတ်သက်ပြီး (လောလောဆယ် ဖမ်းစီးထားတာက ယာဉ်မောင်းအပါ ကျား ၆ ဦး ၊ မ-၁ ဦးပါ ၊ ငှားနေတဲ့အိမ်မှာ ကျန်ခဲ့တာက ခေါင်းဆောင် ကျား-၁ ဦး ပါသေးတယ်၊ကျန်သေးတဲ့ ခေါင်းဆောင်က ဖမ်းမိမမိ မသိရသေးဘူး ၊လက်ရှိ ညောင်ခြေထောက်ရဲစခန်း အချုပ်ထဲမှာ (၇)ယောက်) ဟု အုတ်တွင်းမြို့နယ် သာ/ထိန်းအဖွဲ့တာဝန်ရှိသူ ဆရာတော် ဦးတေဇသီရိက မိန့်ကြားသည်။

ကနဦးစစ်ဆေးဖမ်းမိထားသည့် (၇)ဦးအား အုတ်တွင်းမြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် ညောင်ခြေထောက် ရဲစခန်းမှူးတို့ ပူးပေါင်း၍ ညောင်ခြေထောက်နယ်မြေရဲစခန်းအချုပ်တွင် ဖမ်းဆီးထားပြီး အဆိုပါအဖွဲ့၏ ခေါင်းဆောင်ဖြစ်သူမှာ ငှားရမ်းနေထိုင်သည့် ထန်းကုန်းကျေးရွာရှိ နေအိမ်တွင် ကျန်ရှိနေကြောင်း သိရသဖြင့် ဆက်လက်အရေးယူ ဖမ်းဆီးသွားမည်ဖြစ်ကြောင်း သိရသည်။

အများပြည်သူများ စားဝတ်နေရေးအခက်အခဲများ ကြုံတွေ့နေရသည့်ကာလတွင် ဘာသာရေးအမည်ခံ၍ လိမ်လည်အလှူခံခြင်းများ၊ စည်းမျဉ်းစည်းကမ်းနှင့် မညီညွတ်သည့် အလှူခံမှုများနှင့် အလှူငွေများအား သတ်မှတ်၍ လက်ခံခြင်းများကို စိစစ်အရေးယူသွားမည်ဖြစ်ကြောင်း၊ သာမဏသာရုပ်ပ မဖြစ်သော ရဟန်း၊ သာမဏေများ၏ အလှူခံခြင်း၊ မူးယစ်သောက်စားခြင်းနှင့် လူပုဂ္ဂိုလ်များအား ကိုယ်စားလှယ်အဖြစ် အသုံးပြု၍ အလှူငွေများ ခွဲဝေရယူနေမှုများကိုလည်း ဆက်လက်စိစစ်ဖော်ထုတ် အရေးယူသွားမည်ဖြစ်ကြောင်း အုတ်တွင်းမြို့နယ် သာ/ထိန်းအဖွဲ့ထံမှ သိရသည်။

ပုံစာ။ ။ အုတ်တွင်းမြို့နယ်တွင် အိမ်ငှားနေထိုင်ပြီး အလှူခံလုပ်စားနေသည့်အဖွဲ့အား တာဝန်ရှိသူများက ဖမ်းဆီးစစ်ဆေးနေသည်ကိုတွေ့ ရစဉ်။

မူရင်းသတင်း — Eleven Media Group