Eleven Media Group

မလှိုင်မြို့နယ် ထမ္မကြီးကျေးရွာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးနှင့် အသက် ၁၉ နှစ်အရွယ် လူငယ်တစ်ဦးအပါအဝင် အမျိုးသား၊ အမျိုးသမီး ၁၂ ဦးကို PDF များက ​သေနတ်ဖြင့် ပစ်သတ်

မန္တ​လေးတိုင်း​ဒေသကြီး မလှိုင်မြို့နယ် ထမ္မကြီးကျေးရွာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးနှင့် အသက် ၁၉ နှစ်အရွယ် လူငယ်တစ်ဦးအပါအဝင် စုစု​ပေါင်း အမျိုးသား၊ အမျိုးသမီး ၁၂ ဦးအား PDF များက ​သေနတ်ဖြင့်ပစ်သတ်ခဲ့ကြောင်း သတင်းရရှိသည်။

မလှိုင်င်မြို့နယ်၊ ထမ္မကြီးကျေးရွာသို့ သြဂုတ် ၃၁ရက် နံနက်၆နာရီခန့်က PDF အင်အား၂၅ ဦးခန့်သည် ကားသုံးစီး၊ ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် ရွာသူရွာသားမိသားစုဝင်များအား သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု သက်ဆိုင်ရာတာဝန်ရှိသူများထံမှ စုံစမ်းသိရသည်။

အဆိုပါကျေးရွာအုပ်ချုပ်ရေးမှူးဦးစိုးလင်းထိုက်နှင့် မလှိုင်ပြည်သူ့လုံခြုံ​ရေးနှင့် အကြမ်းဖက်နှိမ်နင်း​ရေး အဖွဲ့ဝင်များဖြစ်သည့် ဦးမောင်သိန်း၊ ဦးချစ်စန်းမောင်၊ ဦးဗိုလ်သက်လင်း၊ ဦးသန်းဌေးအောင်၊ ဦးဝေယံစိုး၊ဦးဇော်ခက်၊ မောင်ဟိန်းဝဏ္ဏဇော် (ဦးဇော်ခက်၏သား)၊ ဦးဝင်းနိုင်၊ ဦးအုန်းမောင်၊ ဒေါ်ခင်မူ (ဦးချစ်မောင်၏ ဇနီး) ၊ဒေါ်လဲ့လဲ့ဝင်း (ဦးမောင်သိန်း၏ ဇနီး) တို့ သတ်ခံရခြင်းဖြစ်သည်ဟု စာရင်းမှတ်တမ်းများအရ သိရသည်။

ထမ္မကြီးကျေးရွာ၊ ရွာလယ်နတ်စဉ်အနီးတွင် ဦးစိုးလင်းထိုက် ၄၄ နှစ်အား နဖူးဖောက်ဝင်ဒဏ်ရာ (၁)ချက်၊ လက်ဝဲနားထင် ပွင့်ထွက် ဒဏ်ရာ(၁)ချက်၊ ဦးမောင်သိန်းအားဦးခေါင်းပွင့်ထွက်ဒဏ်ရာ(၁)ချက်၊ ဦးချစ်စန်းမောင် ၄၄ နှစ်အား ဦးခေါင်းပွင့်ထွက်ဒဏ်ရာ(၁)ချက်နှင့် လက်မဝဲလက်ဖျံ ပြတ်ရှ ဒဏ်ရာ (၁)ချက်၊ ဦးဗိုလ်သက်လင်း ၄၀ နှစ်အား ဦးခေါင်းငယ်ထိပ်ဖောက်ဝင်ဒဏ်ရာ (၁)ချက်၊ ဦးသန်းဌေးအောင် ၃၉နှစ်အား ဦးခေါင်းယာဘက် ပွင့်ထွက်ဒဏ်ရာ(၁)ချက် ၊ ဦးဝေယံစိုး ၃၂နှစ်၊ (စမထအမှတ်စဉ်-၂/၂၀၂၄၊ သင်တန်းဆင်းနေရပ်ပြန်)အား ညာဘက်နာဖူး ဖောက်ဝင်ဒဏ်ရာ (၁)ချက်၊ ဦးဇော်ခက် ၄၅ နှစ်အား ဦးခေါင်းပွင့်ထွက်ဒဏ်ရာ(၁)ချက်၊ ဦးဟိန်းဝဏ္ဏဇော် ၁၉နှစ်(ဦးဇော်ခက်၏သား)အား ညာဘက်ပါးဖောက်ဝင် စုတ်ပြဲဒဏ်ရာ(၁)ချက်၊ လည်ပင်းဝဲဘက်ဖောက်ဝင်ဒဏ်ရာ(၁)ချက်၊ ဒေါ်ခင်မူ ၄၄နှစ်(ဦးချစ်စန်းမောင်၏ ဇနီး)အား ဦးခေါင်းပွင့်ထွက်ဒဏ်ရာ (၁)ချက်၊ ဦးဝင်းနိုင် ၅၅ နှစ်အားနောက်ကျော၊ လည်ပင်းပွင့်ထွက်ဒဏ်ရာ(၁)ချက်၊ ဦးအုန်းမောင်၊ ဒေါ် လဲ့လဲ့ဝင်း စသည့်၁၂ဦးတို့မှာ သေနတ်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။

သြဂုတ် ၂၄ ရက်ကလည်း စစ်ကိုင်းတိုင်း​ဒေသကြီး မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်တွင် NUG လက်​အောက်ခံ ပြည်သူ့လုံခြုံ‌ရေးအဖွဲ့ (ပလဖ)က ပြည်သူ့စစ်ဖွဲ့စည်းရန်လုပ်​ဆောင်သည်ဆိုသည့်စွပ်စွဲချက်ဖြင့် ဖမ်းဆီးစစ်​ဆေးခဲ့သည့် ရွှေဒါးကျကျေးရွာ ဆရာတော်သည် ဖမ်းဆီးစစ်​ဆေးစဉ်ရရှိသည့် ဒဏ်ရာများဖြင့်ပျံလွန်​တော်မူခဲ့သည်။

၂၀၂၁ ခုနှစ်​နောက်ပိုင်း နိုင်ငံ​ရေးအ​​ပြောင်းအလဲဖြစ်​ပေါ်ပြီး​နောက် အထက်ပါကဲ့သို့ ဒလန်စွပ်စွဲချက်ဖြင့် ရှင်းလင်း​သတ်ဖြတ်မှုရေး လုပ်ဆောင်မှုများသည် CRPH၊ NUG တို့ကစတင်လုပ်​ဆောင်သည်ဟုဆိုကာ ​ဝေဖန်မှုများရှိခဲ့သည်။

သတင်း​ပေးဒလန်စွပ်စွဲချက်ဖြင့် အုပ်ချုပ်​​​ရေးမှူးများ၊ အရပ်သားများကို PDF များက လုပ်ကြံသတ်ဖြတ်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ပြီး ထိုသို့လုပ်ကြံသတ်ဖြတ်မှုများအား ​တော်လှန်​ရေး​ခေါင်းစဉ်​အောက်တွင် စစ်​ရေးပစ်မှတ်ဟု အ​ကြောင်းပြလုပ်​ဆောင်ခြင်းအ​ပေါ် ထိုစဉ်အချိန်က ကနဦးတွင် CRPH၊ NUGနှင့် EAO အဖွဲ့အချို့တို့က နှုတ်ဆိတ်​နေခဲ့သည်။

ထို့​နောက် ဒလန်စွပ်စွဲချက်ဖြင့် လုပ်ကြံသတ်ဖြတ်မှုများတွင် ပုဂ္ဂိုလ်​​ရေးမ​ကျေနပ်ချက်များဖြင့်သတ်ဖြတ်ခြင်း၊ လူမှားသတ်ဖြတ်ခြင်းများ မကြာခဏဖြစ်​​ပေါ်လာပြီး​နောက် ​ဒလန်စွပ်စွဲချက်ဖြင့် အရပ်သားများအား သတ်ဖြတ်ခြင်းအ​ပေါ် သံတမန်အသိုင်းများက လက်မခံ​ကြောင်း သတင်းစကားများ၊ မြန်မာအစိုးရကို အတိုက်အခံပြု​နေသည့် အင်အားစုများကြား၌ပင် ပြန်လည်ဝေဖန်ချက်များထွက်​ပေါ်လာပြီး​နောက် NUG အဖွဲ့က ၎င်းတို့တွင် ဒလန်ရှင်းလင်း​ရေးမူဝါဒမရှိဟုဆိုကာ ပြန်လည်ငြင်းဆိုထားသည်။

၂၀၂၁ ခုနှစ်နိုင်ငံရေးအပြောင်းအလဲဖြစ်ပွားပြီးနောက်ပိုင်းတွင် ပစ်ခတ်မှုဖြစ်စဉ်များနှင့် လုပ်ကြံသတ်ဖြတ်မှုများကြောင့် သံဃာတော်အပါး ၁ဝဝ ​ကျော် ပျံလွန်တော်မူခဲ့ရပြီး သင်းအုပ်ဆရာနှစ်ဦးလည်း သေဆုံးထားသည်။

နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများနှင့် တိုက်ပွဲများကြောင့် ပျံလွန်တော်မူခဲ့သည့် ရဟန်းသံဃာဦးရေသည် ရာခိုင်နှုန်းအားဖြင့် အနည်းငယ်မျှသာရှိပြီး ရာခိုင်နှုန်း ၉၀ ကျော်မှာမူ အမျိုးမျိုးသောစွပ်စွဲချက်များဖြင့် PDF များ၏ သတ်ဖြတ်မှုများကြောင့် ပျံလွန်တော်မူခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။

ထို့အတူ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်အထိ မြန်မာအစိုးရ၏စာရင်းများအရ လက်နက်ကိုင်အဖွဲ့များ၏ အမျိုးမျိုး​​ ​သောစွပ်စွဲချက်ဖြင့် သတ်ဖြတ်မှု​ကြောင့် အရပ်သားများ၊ သံဃာတော်များ၊ ကလေးသူငယ်များ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရဝန်ထမ်းများ စုစုပေါင်း ၉၉၀၈ ဦး သေဆုံးထား​ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group