
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC) က လုံခြုံရေးအခြေအနေအရ ကန့်ကွက်သဖြင့် ကျောက်တံတားမြို့နယ် မဟာဗန္ဓုလပန်းခြံရှေ့ရှိ ကားမှတ်တိုင်တွင် YBS ယာဉ်များ ရပ်နားပြေးဆွဲခွင့်ပြုမည်မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်က ပြောကြားသည်။
ယနေ့ (ဩဂုတ် ၃၁ ရက်) ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် ကမာရွတ်မြို့နယ် ကိုယ်စားလှယ်အမှတ် (၂) ဦးကျော်လင်းက ကျောက်တံတားမြို့နယ်ရှိ မဟာဗန္ဓုလပန်းခြံရှေ့ ကားမှတ်တိုင်တွင် YBS ယာဉ်လိုင်းများ ပြန်လည်ရပ်နားပြေးဆွဲခွင့်ပေးရေးနှင့်စပ်လျဉ်းသည့်မေးခွန်းအား မေးမြန်းခဲ့ပြီး အဆိုပါမေးခွန်းအား ပြန်လည်ဖြေကြားရာတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်ကထို့သို့ထည့်သွင်းပြောကြားခြင်းဖြစ်သည်။
လွန်ခဲ့သော (၇) နှစ်ခန့်က YBS ယာဉ်လိုင်းအချို့ ရပ်နားပြေးဆွဲခဲ့သော အဆိုပါ ကားမှတ်တိုင်သည် ရန်ကုန်မြို့၏ မြို့လယ်ခေါင် အချက်အချာကျသည့် နေရာတွင်ရှိပြီး အမိုးအကာ ပြည့်စုံခြင်း၊ ကျယ်ဝန်းသန့်ရှင်းသပ်ရပ်သော ကားမှတ်တိုင်ရှိခြင်းကြောင့် ခရီးသွားပြည်သူများ၊ ရုံးဝန်ထမ်းများ၊ ကျောင်းသူ ကျောင်းသားများအတွက် YBS ကားများစီးရန် အထူးကောင်းမွန်သော ကားမှတ်တိုင်ဖြစ်ကြောင်း ကမာရွတ်မြို့နယ် ကိုယ်စားလှယ်အမှတ် (၂) ဦးကျော်လင်းက မေးခွန်းမေးမြန်းစဉ် ထည့်သွင်းပြောကြားခဲ့သည်။
မဟာဗန္ဓုလပန်းခြံ ကားမှတ်တိုင်မရှိသောကြောင့် နီးစပ်ရာ ပန်းဆိုးတန်း ကားမှတ်တိုင်တွင် ကျောင်းသား ကျောင်းသူများ၊ ရုံးဝန်ထမ်းများ၊ ပြည်သူများ သွားရောက်စီးနင်းနေရပြီး အဆိုပါပန်းဆိုးတန်း ကားမှတ်တိုင်တွင် အမိုးအကာရှိသော ကားမှတ်တိုင် မရှိခြင်း၊ ကားဂိတ် အစ/အဆုံး YBS ဂိတ်များရှိခြင်း၊ ကားရပ်နားရန်နေရာ နည်းသောကြောင့် ကားလမ်းပေါ်တွင် ယာဉ်ကြောပိတ်ဆို့ပြီး ခရီးသည်များလည်း စုပြုံနေသဖြင့် YBS ယာဉ်ပေါ်သို့ စီးနင်းသူများ အလုအယက် ပြေးလွှားတိုးဝှေ့တက်ရခြင်းကြောင့် ထိခိုက်ဒဏ်ရာရရှိခြင်းများနှင့် ခါးပိုက်နှိုက်မှုများဖြစ်ပွားနိုင်သည့် အန္တရာယ်များကို ရင်ဆိုင်နေရသဖြင့် ခရီးသွားပြည်သူများအတွက် များစွာ အခက်အခဲဖြစ်ပေါ်လျက်ရှိကြောင်း ကမာရွတ်မြို့နယ် ကိုယ်စားလှယ်အမှတ် (၂) ဦးကျော်လင်းက ပြောကြားသည်။
ထို့ပြင် မြို့တော်ခန်းမ၊ ရန်ကုန်တရားလွှတ်တော်နှင့် ဘဏ်များသို့ ရုံးကိစ္စဖြင့် လာရောက်ကြသူများ အပါအဝင် ရဟန်းရှင်လူ မိဘပြည်သူများအတွက် လွန်စွာအရေးပါသည့်အတွက် မဟာဗန္ဓုလပန်းခြံ ကားမှတ်တိုင်အား ပြည်သူများ ပြန်လည်အသုံးပြုခွင့်ရရှိစေရန် မေးမြန်းခြင်းဖြစ်ကြောင်း ကမာရွတ်မြို့နယ် ကိုယ်စားလှယ်အမှတ် (၂) ဦးကျော်လင်းက ပြောကြားသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ YRTC မှ ဦးဆောင်ပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC)၊ ကျောက်တံတားခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးအဖွဲ့၊ အမှတ် (၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာ YBS အများပိုင်ကုမ္ပဏီများမှ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၃ ရက်တွင် နယ်မြေကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း ဗိုလ်မှူးကြီး ဝင်းတင့်က ပြောကြားသည်။
ထိုသို့နယ်မြေကွင်းဆင်းစစ်ဆေးမှုများအရ ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလလမ်း၊ ဆူးလေ - မဟာဗန္ဓုလပန်းခြံရှေ့ မှတ်တိုင်တွင် ယခင်က YBS ယာဉ်လိုင်းများ ဂိတ်ဖျားအဖြစ်လည်းကောင်း၊ မှတ်တိုင်တွင် ရပ်၊ ချ၊ တင်၊ ထွက် စနစ်ဖြင့် ယာဉ်လိုင်းပြေးဆွဲခြင်းများကို ဆောင်ရွက်ခဲ့သော်လည်း ၂၀၂၁ ခုနှစ်၊ အစိုးရအပြောင်းအလဲ ဆောင်ရွက်သည့် အချိန်ကာလမှစတင်၍ အဆိုပါ မှတ်တိုင်တွင် လုံခြုံရေးအခြေအနေအရ YBS ယာဉ်များ ရပ်နားခွင့်မပြုခဲ့ကြောင်း ၎င်းက ပြောကြားသည်။
"အဆိုပါ မှတ်တိုင်နေရာသည် မဟာဗန္ဓုလ ပန်းခြံနှင့် ရန်ကုန်မြို့တော်ခန်းမရှေ့ မျက်နှာစာတွင် တည်ရှိသဖြင့် လုံခြုံရေးအခြေအနေအရ သော်လည်းကောင်း၊ မြို့တော်ခန်းမရှေ့ မျက်နှာစာ ဥပစာရှေ့တွင် တည်ရှိသဖြင့် ခွင့်ပြုပေး၍မရနိုင်ပါကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (YCDC) မှ ကန့်ကွက်တင်ပြထားပါတယ်"ဟု ဗိုလ်မှူးကြီး ဝင်းတင့်က ပြောကြားသည်။
ထို့ကြောင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် မြေပြင်ကွင်းဆင်း စစ်ဆေးမှုများအရ ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလလမ်း၊ ဆူးလေ - မဟာဗန္ဓုလပန်းခြံရှေ့ မှတ်တိုင်တွင် YBS ယာဉ်လိုင်းများ ပြန်လည် ရပ်နားပြေးဆွဲခွင့်ပြုရန် အခက်အခဲရှိသဖြင့် လက်ရှိအခြေအနေတွင် YBS ခရီးသည်တင် ယာဉ်များအား ပန်းဆိုးတန်းမှတ်တိုင်တွင် ရပ်၊ တင်၊ ချ၊ ထွက် စနစ်ဖြင့် ပြေးဆွဲဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ပြောကြားသည်။