Eleven Media Group

မြန်မာနိုင်ငံတွင် ငလျင်ဒဏ်လျှော့ချသည့် ဆောက်လုပ်ရေးပစ္စည်း(Isolator)ကို ပထမဆုံးထည့်သွင်းတည်ဆောက်မည့် မန္တ​လေးမြို့ရှိ Mandalay Management Corporation အဆောက်အဦး ပန္နက်တင်

ငလျင်ဒဏ်လျှော့ချသည့် ဆောက်လုပ်ရေးပစ္စည်း(Isolator) ထည့်သွင်းတည်ဆောက်မည့် Mandalay Management Corporation MMC အဆောက်အဦးပန္နက်တင်အခမ်းအနားကို ချမ်းမြသာစည်မြို့နယ်၊ မင်္ဂလာ(၃)လမ်းနှင့် ၁၀၇ လမ်းကြားရှိ မင်္ဂလာမန္တလေးတွင် သြဂုတ် ၃၁ ရက် နံနက် ၈ နာရီက ပြုလုပ်ခဲ့ရာ မန္တလေးတိုင်းအစိုးရအဖွဲ့တက်ရောက်ကျင်းပပေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ပထမဦးဆုံးသော ငလျင်ဒဏ်လျှော့ချသည့် ဆောက်လုပ်ရေးပစ္စည်း(Isolator) ထည့်သွင်းတည်ဆောက်မည့် MMC အဆောက်အဦး ပန္နက်တင်အခမ်းအနားကို မန္တလေးတိုင်းလွှတ်တော်ဥက္ကဌ ဦးအောင်ကျော်မိုး၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးကြီးနေလင်းစိုး၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီး၊ မြို့တော်ဝန် ဦးခင်မောင်အေးတို့ တက်ရောက်ပြီး ပန္နက်ရိုက်ခြင်းမင်္ဂလာ၊ တွင်းတော်ဝင်မင်္ဂလာ၊ ရွှေမိုးငွေမိုးရွာသွန်းခြင်းမင်္ဂလာ စသည်တို့ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။

"မန္တလေးမြို့က တကယ်တော့ စစ်ကိုင်းပြတ်ရွေ့နဲ့ အနည်းဆုံးတည်ရှိတဲ့မြို့ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၅ တုန်းက မန္တလေးငလျင်ကြီးဒဏ်ကိုလည်း အပြင်းထန်ခံခဲ့ရတဲ့မြို့ဖြစ်ပါတယ်။ ဒါကြောင့် မန္တလေးမြို့မှာ ဆောက်လုပ်မယ့် အဆောက်အဦးတွေနဲ့ ပတ်သက်လို့ကတော့ ငလျင်ဒဏ်လျော့ချတဲ့ နည်းပညာတွေက ကျွန်တော်တို့ ဦးစားပေးအနေနဲ့ ထည့်သွင်းစဉ်းစားရမယ့် အပိုင်းမှာ ပါပါတယ်။ အရေးကြီးအဆောက်အဦးတွေဖြစ်တဲ့ ဆေးရုံလိုမျိုး၊ အုပ်ချုပ်မှုလို အထပ်မြင့်အဆောက်အဦးတွေမှာ ဒီလိုနည်းပညာမြင့် ငလျင်ဒဏ်ခံနိုင်တဲ့ နည်းပညာတွေ ထည့်သွင်းဆောက်လုပ်လို့ရှိရင် ငလျင်အပြီး ပြန်လည်ထူထောင်ရေးဆောင်ရွက်တဲ့အခါမှာ ဒီအဆောက်အဦးတွေက ကြီးကြီးမားမား မပျက်စီးဘဲ ပုံမှန်လည်ပတ်နေမှာဖြစ်တဲ့အတွက် ဒီလိုနည်းပညာတွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုဆောင်ရွက်ဖို့လိုတယ်။ မန္တလေးစည်ပင်သာယာရေးကော်မတီအနေနဲ့လည်း မန္တလေးမြို့တွင်းမှာဆောက်မယ့် အထပ်မြင့် အဆောက်အဦးတွေဆောက်တဲ့အခါမှာ မြန်မာနိုင်ငံအဆောက်အဦးဆိုင်ရာစံချိန်စံညွှန်း MMBC 2025 ဒီထဲမှာပါတဲ့ စံချိန်စံညွှန်းတွေအတိုင်း စိစစ်ပြီးတော့မှ ပြုလုပ်လျက်ရှိပါတယ်"ဟု မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး၊ မြို့တော်ဝန် ဦးခင်မောင်အေးက အခမ်းအနားတွင် ​မီဒီယာများ၏မေးမြန်းမှုကို ဖြေကြားခဲ့သည်။

၂၀၂၅ မတ်လ(၂၈)ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြီးကြောင့် မန္တလေးမြို့အနီးတစ်ဝိုက်ရှိ အဆောက်အဦးပေါင်းများစွာ ပျက်စီးဆုံးရှုံးခဲ့ရာ New Starlight Company အနေဖြင့် ပြည်တွင်းမှ ပညာရှင်များနှင့်ဆွေးနွေးတိုင်ပင်ပြီး တရုတ်နိုင်ငံတွင် (၂၀၀၈)ခုနှစ်က လှုပ်ခတ်ခဲ့သည့် စီချွမ်ငလျင်လှုပ်ခတ်ခဲ့တဲ့နေရာများ၊ SafetyInside Company ၏ Base Isolator ထုတ်လုပ်သည့် စက်ရုံနေရာများကို ပညာရှင်များဖြင့် သွားရောက်လေ့လာခဲ့ပြီးနောက် မြန်မာနိုင်ငံတွင်လည်း အင်အားပြင်း ငလျင်ဒဏ်ကြီးကြောင့် ဖြစ်ပေါ်လာတဲ့ ပျက်စီးမှုများကိုလျော့ချနိုင်ရန်အတွက် New Starlight Company နှင့် SafetyInside Company တို့ပေါင်းစပ်ပြီး New Starlight SafetyInside Company ကိုတည်ထောင်ခဲ့ကြောင်း၊ အဆောက်အအုံနှင့် မြေပြင်ကြားတွင် Base lsolator များ တပ်ဆင်အသုံးပြုထားပြီး ငလျင်လှုပ်ခတ်မှုကြောင့် အဆောက်အအုံပေါ်ကို သက်ရောက်လာနိုင်သည့် ငလျင်အင်အား (Seismic Force) နှင့် လှုပ်ရှားမှုများကို လျှော့ချပေးသည့် ခေတ်မီနည်းပညာတစ်ရပ်ဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group