Myanmar National Post

တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၁၇ ရက်မြောက်နေ့ မှတ်တမ်း


နေပြည်တော်၊ အောက်တိုဘာ ၁၆

တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၁၇ ရက်မြောက်နေ့ကို ၁၅-၁၀-၂၀၂၆ရက်နေ့က နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် မြေအသုံးချခွင့်ရရှိနေမှု စိစစ်ပေးနိုင်ရေး၊ တရားမဝင် ပြည်ပအလုပ်သမားများ လျှော့ချနိုင်ရေးနှင့်ပြည်ပအလုပ်သမားများ၏ လစာဝင်ငွေများကို အစိုးရဘဏ်မှတစ်ဆင့် လွှဲပြောင်းပေးနိုင်ရေး၊ နယ်စပ်ဂိတ်များတွင် ပစ္စည်းတန်ဖိုး၏ ၃ ရာခိုင်နှုန်းအခွန်ကောက်၍ ခွင့်ပြုပေးနိုင်ရေးနှင့် လူတစ်ဦးလျှင် ပစ္စည်းတန်ဖိုး ကျပ်သိန်း ၅ဝ ဖိုး သယ်ယူခွင့်ပြုနိုင်ရေး၊ ကျောင်းဆောင်သစ်များ ဆောက်လုပ်ပေးနိုင်ရေးတို့နှင့်စပ်လျဉ်း၍ မေးခွန်း ၅ ခု မေးမြန်းဖြေကြားခြင်းနှင့် အဆို ၁ ခု ဆွေးနွေးအတည်ပြုခြင်းတို့ကို ဆောင်ရွက်ကြသည်။

ဦးစွာ ကလောမဲဆန္ဒနယ်မှ ဒေါက်တာနန္ဒာလှမြင့်၏ အောင်ပန်းဒေသ သစ္စာမြောင်မြနန္ဒာနှင့် အခြားရေဝေရေလဲဒေသများအား ကြီးကြပ်မည့်အစီအစဉ်နှင့် ၎င်းဒေသများ၌ မြေအသုံးချခွင့်ရနေမှုအား အမြန်ဆုံးစိစစ်ပြီး ပြီးပြတ်ရေးဆောင်ရွက်ပေးမည့် ကာလသတ်မှတ်ချက် အစီအစဉ်ကို သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်ဦးက ရှမ်းပြည်နယ် ကလောမြို့နယ် အောင်ပန်းဒေသ သစ္စာမြောင်မြနန္ဒာ ရေဦးရေထွက်သည် အောင်ပန်းကြိုးဝိုင်းအတွင်း ပါဝင်ပါကြောင်း။

လယ်ယာမြေဧရိယာ ၄၉ ဒသမ ၅၅ ဧကမှာ ဦးပိုင်ပေါင်း ၂၃ ခု၊ တောင်သူပေါင်း ၁၉ ဦးတို့က လုပ်ကိုင်လျက်ရှိပြီး ဦးပိုင်ပေါင်း ၁၈ ခု၊ တောင်သူပေါင်း ၁၇ ဦး၊ မြေဧရိယာ ၃၇ ဒသမ ၈၉ ဧကအား မြေစာရင်းဦးစီးဌာနက လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) ထုတ်ပေးပြီး ဖြစ်ပါကြောင်း၊ ဦးပိုင်ပေါင်း ၃ ခု၊ တောင်သူ ၁ ဦး၊ မြေဧရိယာ ၉ဒသမ၆၆ ဧကမှာ မြေယာအငြင်းပွားမှုရှိနေသဖြင့် (ပုံစံ-၇) ထုတ်ပေးထားခြင်းမရှိသေးပါကြောင်း၊ ၂ ဧက ယာမြေအား အခြားနည်းအသုံးပြုခွင့် ခွင့်ပြုမိန့်ပေးထားပါကြောင်းနှင့် ၃ ဧကအား တောင်ကြီးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြေငှားဂရန် ချထားပေးခဲ့ပါကြောင်း။

လွယ်မောကျေးရွာအုပ်စု ကွင်းအမှတ် (၃၁) အတွင်းရှိ မြေလွတ်၊ မြေရိုင်း ၆၈ဒသမ၄၅ ဧကထဲမှ မြေဧရိယာ ၁ ဧကခန့်ကို ဘုန်းကြီးကျောင်း ကျူးကျော်တည်ဆောက်အသုံးပြုထားသည်ကို စိစစ်တွေ့ရှိရပြီး ကျန်မြေနေရာများတွင် သဘာဝထင်းရှူးပင်များ ပေါက်ရောက်လျက်ရှိပါကြောင်း၊ အောင်ပန်းကြိုးဝိုင်းအတွင်း ကျရောက်သည့် ၅၂၂ ဧကတွင် သာသနာမြေ ၃၆ ဧက၊ စီးပွားရေး ထင်းရှူးစိုက်ခင်း ၆၅ ဧက၊ စီးပွားရေး ထင်းရှူးစိုက်ခင်းဧက ၁၀၀ ၊ ဒေသခံပြည်သူအစု အဖွဲ့ပိုင်သစ်တော ၃၂ ဧကတို့ တည်ထောင်ခွင့်ပြုထားပါကြောင်း၊ သဘာဝတောကျန် ဧရိယာ ၃၁၇ ဒသမ ၁၃ ဧကရှိပြီး ၃ ဧကကျော်ပေါ်တွင် ကျူးကျော်နေထိုင်သူများရှိသည်ကို စိစစ်တွေ့ရှိရပြီး ကျူးကျော်နေထိုင်သူ ၁၇ ဦးနှင့်စပ်လျဉ်း၍ သစ်တောဦးစီးဌာနမှ အရေးယူဆောင်ရွက်လျက်ရှိပါကြောင်း။

ရေဝေရေလဲဒေသများအား ကြီးကြပ်ပေးမည့် အစီအစဉ်နှင့်ပတ်သက်ပြီး မြို့နယ် ၁၀ မြို့နယ်တွင် ရေဝေရေလဲစိုက်ခင်း၊ ဂေဟစနစ်ဖြည့်တင်းရေးစိုက်ခင်း၊ အထူးစိမ်းလန်းစိုပြည်ရေးစိုက်ခင်းများအပါအဝင် စိုက်ခင်းမျိုးစုံ ဧရိယာဧက စုစုပေါင်း ၇၇၁၇ ဧက စိုက်ပျိုးခဲ့ပါကြောင်း။

ရှမ်းပြည်နယ်အတွင်းရှိ သဘာဝရေအရင်းအမြစ်များ ရေရှည်တည်တံ့စေရေး၊ စနစ်တကျ ထိန်းသိမ်းကာကွယ်ရေးတို့အတွက် ရှမ်းပြည်နယ်သဘာဝ ရေထွက်တော၊ ရေထိန်းတောထိန်းသိမ်းကာကွယ်ရေးဥပဒေနှင့်အညီ ရေဝေရေလဲဒေသများ ထိန်းသိမ်းဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ရေဝေရေလဲဒေသများ ကာကွယ်ထိန်းသိမ်းရေးနှင့် တရားမဝင်မြေအသုံးချမှုများ မဖြစ်ပေါ်စေရေးအတွက် ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း) မဲဆန္ဒနယ်မှ ဦးတင့်ဝေ၏ တရားမဝင် ပြည်ပအလုပ်သမားများ လျှော့ချရန်နှင့် ပြည်ပအလုပ်သမားများ၏ လစာဝင်ငွေ နိုင်ငံသို့ လွှဲပြောင်းရာတွင် အစိုးရဘဏ်မှတစ်ဆင့် လွှဲပြောင်းပေးပို့ရန် မည်သို့ဆောင်ရွက်မည်ကို သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ပြည်ပသို့ လုပ်သားများတရားဝင်သွားရောက် လုပ်ကိုင်နိုင်ရန်အတွက် အလုပ်သမားလက်ခံသည့် နိုင်ငံများသို့ အလုပ်သမားရေးရာဆိုင်ရာ နားလည်မှုစာချွန်လွှာနှင့်အညီ ပြည်ပအလုပ်အကိုင် အကျိုးဆောင်အေဂျင်စီများ၏ တာဝန်ခံမှုဖြင့် စေလွှတ်ခဲ့ခြင်း၊ မိမိအစီအစဉ်ဖြင့် သွားရောက်လုပ်ကိုင်သည့် အလုပ်သမားများအတွက် လုပ်ငန်းခွင်၏ အလုပ်ခေါ်စာ မှန်ကန်မှုရှိစေရန် အလုပ်သမားသံအရာရှိများမှ သက်ဆိုင်ရာနိုင်ငံ၏ အလုပ်ခေါ်စာအား စိစစ်ပေးခြင်း၊ သံအရာရှိမထားရှိသည့် နိုင်ငံများအတွက် မြန်မာနိုင်ငံဆိုင်ရာသံရုံးများမှတစ်ဆင့် စိစစ်ပေးပြီး လက်ခံနိုင်ငံ၏ အလုပ်သမားအခွင့်အရေး အပြည့်အဝရရှိစေရန် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

ပြည်ပသို့ အလုပ်သမားများ တရားမဝင်သွားရောက်လုပ်ကိုင်မှု လျှော့ချနိုင်ရန်အတွက် ဝန်ကြီးဌာနသည် တရားမဝင်လုပ်သားစေလွှတ်ခဲ့သည့် ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများကို ထိရောက်သောပြစ်ဒဏ်များ ချမှတ်အရေးယူခြင်း၊ လူထုမီဒီယာမျိုးစုံအသုံးပြု၍ အသိပညာပေးခြင်းဆောင်ရွက်လျက်ရှိပါကြောင်း။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ပြည်ပရောက် မြန်မာနိုင်ငံသားများ၏ လုပ်ခ၊ လစာငွေများကို ၎င်းတို့၏မိသားစုများထံသို့ လွှဲပို့နိုင်ရေးအတွက် နည်းလမ်း ၂ မျိုးဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ AD လိုင်စင်ရဘဏ်များနှင့် နိုင်ငံတကာငွေလွှဲ အဖွဲ့အစည်းများနှင့်ချိတ်ဆက်၍ ဆောင်ရွက်သည့် ပြည်ပငွေလွှဲလုပ်ငန်း ဆောင်ရွက်ခွင့်ပြုခြင်းနှင့် ကုမ္ပဏီများအား ပြည်ပငွေလွှဲလုပ်ငန်းလိုင်စင်ခွင့်ပြုခြင်းတို့ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေအရ ပြည်ပငွေလွှဲလုပ်ငန်း ဝန်ဆောင်မှုဆောင်ရွက်ရန် AD လိုင်စင်ရဘဏ်များမှ တင်ပြလာပါက စိစစ်ခွင့်ပြုပေးလျက်ရှိပြီး ကုမ္ပဏီများမှ တင်ပြလာပါက စိစစ်၍ ပြည်ပငွေလွှဲလုပ်ငန်း လိုင်စင်ခွင့်ပြုပေးလျက်ရှိပါကြောင်း၊ လက်ရှိတွင် AD လိုင်စင်ရဘဏ် ၁၆ ခုကို ဝန်ဆောင်မှုဆောင်ရွက်မည့် နိုင်ငံအလိုက် နိုင်ငံတကာငွေလွှဲအဖွဲ့အစည်းများနှင့်ချိတ်ဆက်၍ ပြည်ပငွေလွှဲလုပ်ငန်း ဆောင်ရွက်ခွင့်ပြုထားပါကြောင်း။

ထို့အပြင် ကုမ္ပဏီ ၁၈ ခုကို ပြည်ပငွေလွှဲ လုပ်ငန်းဆောင်ရွက်ရန်အတွက် ဝန်ဆောင်မှုဆောင်ရွက်မည့် နိုင်ငံအလိုက် ပြည်ပငွေလွှဲလုပ်ငန်း လိုင်စင်ခွင့်ပြုထားပါကြောင်း။

သို့ဖြစ်ပါ၍ နိုင်ငံတော်အနေဖြင့် အလုပ်သမားများ ပြည်ပသို့သွားရောက် အလုပ်လုပ်ကိုင်ရာတွင် တရားဝင်လမ်းကြောင်းမှ သွားရောက်အလုပ်လုပ်ကိုင်နိုင်ရေး၊ တရားမဝင်လမ်းကြောင်းမှ သွားရောက်မှုလျှော့ချနိုင်ရေးနှင့် ပြည်ပရောက်အလုပ်သမားများထံမှ မိသားစုလွှဲပို့ငွေအား တရားဝင်လွှဲပို့နိုင်ရေးအတွက် နိုင်ငံပိုင်ဘဏ်ဖြစ်သည့် မြန်မာ့စီးပွားရေးဘဏ်၊ ပုဂ္ဂလိက AD လိုင်စင်ရဘဏ်များမှတစ်ဆင့်လည်းကောင်း၊ ပြည်ပငွေလွှဲလုပ်ငန်းလိုင်စင်ရ ကုမ္ပဏီများမှတစ်ဆင့်လည်းကောင်း လွှဲပို့နိုင်ပါကြောင်း ပြန်လည်ဖြေကြားသည်။

မူဆယ်မဲဆန္ဒနယ်မှ ဦးအောင်ဇော်မိုး (ခ) အောင်ဇော်မိုးထွန်း၏ မူဆယ်မြို့ပေါ်ရှိ နယ်စပ်ဂိတ်များ၌ ပစ္စည်းသယ်ယူမှုကို တန်ဖိုး၏ ၃ ရာခိုင်နှုန်း အခွန်ကောက်ခံပေးရန်နှင့် လူတစ်ဦးလျှင် ပစ္စည်းတန်ဖိုး ကျပ်သိန်း ၅ဝ ဖိုး သယ်ယူခွင့်ပြုရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမြင့်ခိုင်က ယခင် ၃ ရာခိုင်နှုန်းကောက်ခံ၍ တင်သွင်းခွင့်ပြုထားသည့် သွင်းကုန်ပစ္စည်း ၁၄၆ မျိုးသည် Non-Automatic Licensing စနစ်ဖြင့် သွင်းကုန်လိုင်စင် လျှောက်ထားရမည့် ကုန်စည်များစာရင်းတွင် ပါရှိနေပြီး ပြည်ပမှကုန်ပစ္စည်းများ တင်သွင်းမှုအတွက် နိုင်ငံခြားငွေသုံးစွဲမှုကို စိစစ်ကန့်သတ်နေချိန်ဖြစ်သောကြောင့် ၃ ရာခိုင်နှုန်း ဒေသသုံး အခွန်ပေးဆောင်ပြီး ပြည်တွင်းအထိ တင်သွင်းဆောင်ရွက်လာနိုင်၍လည်းကောင်း၊ ၃ရာခိုင်နှုန်း ဒေသသုံး အခွန်ကောက်ခံသည့်အဖွဲ့များအနေဖြင့် အခွန်ပါရှိကုန်ပစ္စည်းနှင့် တန်ဖိုးကိုစိစစ်ရန် အခက်အခဲရှိ၍လည်းကောင်း နှစ်နိုင်ငံကုန်သွယ်မှုစာရင်းကွာဟမှုကို ပိုမိုဖြစ်စေနိုင်သည့်အတွက် အဆိုပါကုန်ပစ္စည်းများကိုလည်း Myan- mar Tradenet 2.0 တွင် သွင်းကုန်လိုင်စင်လျှောက်ထားရယူပြီးမှသာ တင်သွင်းခွင့်ပြုလျက်ရှိပါကြောင်း။

သို့ဖြစ်ပါ၍ နယ်စပ်ဂိတ်များမှ ဒေသသုံးပစ္စည်းများ သယ်ယူမှုကို ပစ္စည်းတန်ဖိုး၏ ၃ ရာခိုင်နှုန်း အခွန်ကောက်ခံဆောင်ရွက်ပေးရန်နှင့် လူတစ်ဦးလျှင် ပစ္စည်းတန်ဖိုးကျပ်သိန်း ၅၀ ဖိုး သယ်ယူခွင့်ပြုပေးရန်ကိစ္စနှင့်စပ်လျဉ်း၍ လတ်တလော ခွင့်ပြုပေးနိုင်ခြင်းမရှိသေးပါကြောင်း ပြန်လည်ဖြေကြားသည်။

အင်္ဂပူမဲဆန္ဒနယ်မှ ဒေါက်တာဌေးဝင်း၏ အင်္ဂပူမြို့နယ် မိုးကောင်းကွင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် RC တစ်ထပ်ဆောင်ချထားပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ် မိုးကောင်းကွင်း-အခြေခံပညာအလယ်တန်းကျောင်းရှိ ယာယီဆောင်တွင် စာသင်ခန်း ၃ ခန်းဖြင့် ပညာသင်ကြားနေရခြင်းကြောင့်လည်းကောင်း၊ ကျောင်းဆောင်ဆောက်လုပ်ရန် မြေနေရာအနေအထားအရလည်းကောင်း ပေ (၉၀ x ၃၀) RC (၁) ထပ် ဆောက်လုပ်ရန် လာမည့်ဘဏ္ဍာရေးနှစ်များတွင် ငွေလုံးငွေရင်း ဘတ်ဂျက်ရရှိမှု အပေါ်တိုင်းဒေသကြီး၏ ဦးစားပေးအလိုက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

သာစည်မဲဆန္ဒနယ်မှ ဒေါ်ကြူကြူမော်၏ သာစည်မြို့နယ် ဘုရားငါးဆူ အထက (ခွဲ)နှင့် မယ်ဇလီကန် အထကတို့အတွက် RCC ၂ ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်ပေးနိုင်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ဘုရားငါးဆူ-အခြေခံပညာအထက်တန်းကျောင်း (ခွဲ)တွင် ကျောင်းဆောင် ၄ ဆောင်၌ စာသင်ခန်း ၁၇ ခန်းဖြင့် သင်ကြားသင်ယူမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး မန္တလေးငလျင်ကြီးကြောင့် အုတ်ညှပ် ၂ ထပ် ဆောင်အား ဖျက်သိမ်းပြီးဖြစ်ပါသဖြင့် ကျောင်းဆောင်သစ်ဆောက်လုပ်ရန် နောင်လာမည့် ဘဏ္ဍာရေးနှစ်များတွင် ငွေလုံးငွေရင်း ဘတ်ဂျက်ရရှိမှုအပေါ် တိုင်းဒေသကြီး၏ဦးစားပေးအလိုက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် မယ်ဇလီကန်-အခြေခံပညာအထက်တန်းကျောင်းတွင် တန်းခွဲဦးရေအရ လိုအပ်သောစာသင်ခန်း ၁၀ ခန်းအတွက် တိုးချဲ့ကျောင်းဆောင်သစ် ဆောက်လုပ်ရန် ပေ (၁၇၀ x ၃၀) RCC ၂ ထပ် ကျောင်းဆောင်အား လာမည့်ဘဏ္ဍာရေးနှစ်များတွင် ငွေလုံးငွေရင်း ဘတ်ဂျက်ရရှိမှုအပေါ် တိုင်းဒေသကြီး၏ဦးစားပေးအလိုက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

ထို့နောက် ကျောက်ပန်းတောင်းမဲဆန္ဒနယ်မှ ဦးဝင်းမြင့်မောင် တင်သွင်းသည့် “ဝိဇ္ဇာ၊ သိပ္ပံဘာသာ ရပ်အလိုက် ထူးချွန်ကျောင်းသားများ (ဝိဇ္ဇာချွန်ဆု/ သိပ္ပံချွန်ဆု) ရွေးချယ်၍ အထူးလေ့ကျင့် ပြုစုပျိုးထောင်ရေးအစီအစဉ်ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝဝ၈ ခုနှစ်) အခန်း (၈) နိုင်ငံသား၊ ပုဒ်မ ၃၆၈ နှင့်အညီ ပြန်လည်အကောင်အထည်ဖော်ဆောင်ရွက်ပေးရန် ပြည်ထောင်စုအစိုးရအဖွဲ့အား တိုက်တွန်းကြောင်းအဆို”ကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

တောင်ကြီးမဲဆန္ဒနယ်မှ နန်းကျင်း (ခ) နန်းစိန်က ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၆၈ တွင် နိုင်ငံသားများ ပညာရည်မြင့်မားရေးအတွက် ခေတ်မီအမျိုးသား ပညာရေးစနစ်ကို ဖော်ဆောင်ရမည်ဟု ပြဋ္ဌာန်းထားသော်လည်း လက်ရှိတွင် ဝေးလံခေါင်ဖျားဒေသမှ ကျောင်းသားများသည် မြို့ပေါ်ရှိ တက္ကသိုလ်များသို့ မလာရောက်ဘဲ အိမ်နီးချင်းနိုင်ငံများ၏ ပညာရေးနှင့် ဘာသာစကားသင်ယူမှုကို ပိုမိုအားပြုလာကြပါကြောင်း၊ ယင်းနောက် ကြီးမားလှသော အမျိုးသားရေးဟာကွက်ဖြစ်ပြီး ရေရှည်တွင် ပြည်ထောင်စုစိတ်ဓာတ် လျော့နည်းကာ လူသားအရင်းအမြစ်များ အခြားနိုင်ငံသို့ ယိုစီးဆုံးရှုံးသွားစေမည့် စိန်ခေါ်မှုကြီးဖြစ်ပါကြောင်း၊ ၎င်းတို့ မိခင်နိုင်ငံသို့ ပြန်လည်ဦးလှည့်လာစေရန် “ဒေသအလိုက် သီးသန့်ခွဲတမ်း (Quota စနစ်)”၊ လုံလောက်သောထောက်ပံ့ကြေးနှင့် အလုပ်အကိုင် အာမခံချက်များ ထည့်သွင်းပေးသင့်ပါကြောင်း။

နိုင်ငံတော်က အဆိုပါ ဝိဇ္ဇာ/ သိပ္ပံချွန်ဆု အစီအစဉ်ဖြင့် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များကို မျှမျှတတ ပြုစုပျိုးထောင်ပေးခြင်းသည် အနာဂတ်တွင် ပြည်ထောင်စုကြီးတစ်ခုလုံး စည်းလုံးညီညွတ်ပြီး “ထာဝရငြိမ်းချမ်းရေးတည်ဆောက်မှု” ကို အထောက်အကူပြုသည့် လုပ်ငန်းစဉ်ဖြစ်သည့်အတွက် အဆိုကိုထောက်ခံပါကြောင်း ဆွေးနွေးသည်။

မြဝတီမဲဆန္ဒနယ်မှ ဦးခင်မောင်ချင်းက နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရည်အချင်းရှိသော လူငယ်လူရွယ်များ မွေးထုတ်ပေးခြင်းသည် အရေးကြီးသည့် အခြေခံအချက်တစ်ရပ်ဖြစ်ပါကြောင်း၊ အရည်အချင်းရှိသည့် လူငယ်လူရွယ်များထဲတွင် ဘာသာရပ်အလိုက် ထူးချွန်သူများကို စနစ်တကျ ရှာဖွေဖော်ထုတ်၍ ၎င်းတို့၏ ပညာရည်ကျွမ်းကျင်မှုနှင့် ဖန်တီးနိုင်စွမ်းများကို ပိုမိုတိုးတက်လာစေရန် အထူးလေ့ကျင့်ပျိုးထောင်ပေးရန်လိုအပ်ပါကြောင်း၊ လက်ရှိအချိန်တွင် ကျောင်းသား ကျောင်းသူများ၏ ထူးချွန်မှုကိုအများအားဖြင့် စာမေးပွဲရလဒ်များအပေါ်အခြေခံ၍သာ သတ်မှတ်လေ့ရှိကြသဖြင့် ဘာသာရပ်တစ်ခုချင်းစီတွင် ထူးခြားသောအရည်အချင်း၊ သုတေသနစိတ်ဓာတ်၊ ဖန်တီးနိုင်စွမ်းနှင့် လက်တွေ့အသုံးချနိုင်စွမ်းရှိသည့် ကျောင်းသားများကို ထိရောက်စွာ ရွေးချယ်ပျိုးထောင်ပေးရန် လိုအပ်လျက်ရှိပါကြောင်း။

အမျိုးသားအဆင့် ထူးချွန်သောလူငယ်လူရွယ်၊ အရည်အချင်းစောင့်ရှောက်ရေးစနစ် တည်ဆောက်ခြင်းနှင့် အနာဂတ်နိုင်ငံ လူသားအရင်းအမြစ်အဖြစ် ပျိုးထောင်ခြင်းစသည့် ဘာသာရပ်အလိုက် ထူးချွန်ကျောင်းသားများကို တိကျမျှတသောစံနှုန်းများဖြင့် ရွေးချယ်၍ ဝိဇ္ဇာ၊ သိပ္ပံ ထူးချွန်ဆုများကို ချီးမြှင့်ပေးခြင်းနှင့်အတူ ၎င်းတို့၏အရည်အချင်းများကို ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် အထူးလေ့ကျင့်ပျိုးထောင်ပေးသည့်အစီအစဉ်ကို နိုင်ငံတော်အဆင့် မူဝါဒတစ်ရပ်အဖြစ် ချမှတ်ဆောင်ရွက်ပေးရန်လိုအပ်သည့်အတွက် အဆိုကိုထောက်ခံပါကြောင်း။

ဝိဇ္ဇာ၊ သိပ္ပံဘာသာရပ်များအပြင် နိုင်ငံ၏ လက်တွေ့ဖွံ့ဖြိုးရေးလိုအပ်ချက်များနှင့်ဆက်စပ်နေသည့် ပညာရပ်နယ်ပယ်များတွင်ပါ ထူးချွန်လူငယ်များကို ရှာဖွေဖော်ထုတ်ပြီး စနစ်တကျပြုစုပျိုးထောင်ပေးသင့်ပါကြောင်း၊ မိမိတို့အနေဖြင့် ယနေ့လူငယ်များ၏ ပညာရေးအပေါ် ရင်းနှီးမြှုပ်နှံခြင်းသည် အနာဂတ်တွင် နိုင်ငံ၏ထုတ်လုပ်မှုစွမ်းအား၊ နည်းပညာစွမ်းရည်နှင့် စီးပွားရေး ယှဉ်ပြိုင်နိုင်စွမ်းတို့အပေါ် ရင်းနှီးမြှုပ်နှံခြင်းပင်ဖြစ်သည်ဟု နားလည်ထားသင့်ပါကြောင်း၊ ထူးချွန်ကျောင်းသားများ ရွေးချယ်ရေးတွင် အရည်အချင်းနှင့် အခွင့်အလမ်းတန်းတူညီမျှရေးကို ဟန်ချက်ညီညီ ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ကျောင်းသားတစ်ဦး၏ ထူးချွန်မှုကို စာမေးပွဲရမှတ်တစ်ခုတည်းဖြင့် ဆုံးဖြတ်ခြင်းထက် သင်္ချာနှင့် သိပ္ပံဆိုင်ရာ စဉ်းစားတွေးခေါ်နိုင်စွမ်း၊ ပြဿနာဖြေရှင်းနိုင်စွမ်း၊ လက်တွေ့စမ်းသပ်ဖန်တီးနိုင်စွမ်းနှင့် သုတေသနပြုလိုစိတ်တို့ကိုပါ ထည့်သွင်းစဉ်းစားသင့်ပါကြောင်း အဆိုကိုထောက်ခံဆွေးနွေးသည်။

မြောင်းမြမဲဆန္ဒနယ်မှ ဒေါ်မြင့်စန္ဒာအောင်က ထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများ၏ အသိဉာဏ်ပညာ ပြည့်စုံကြွယ်ဝမှု၊ အခြေခံစိတ်ဓာတ်ကောင်းမွန်မှု၊ ဆန်းသစ်တီထွင်နိုင်စွမ်းရှိမှု၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို တန်ဖိုးထားထိန်းသိမ်းတတ်မှု စသည့်အရည်အချင်းများ ပြည့်စုံနိုင်ရန်အတွက် အခြေခံအဆင့်မှာပင် ဆရာ ဆရာမများနှင့် ကျောင်းသားမိဘများ စနစ်တကျပူးပေါင်း လေ့ကျင့်ပျိုးထောင်ထားရန်လိုအပ်ကြောင်း အကြံပြုလိုပါကြောင်း၊ သို့မှသာ အဆိုပါ ကျောင်းသား ကျောင်းသူများ နိုင်ငံတကာသို့ ပညာတော်သင်စေလွှတ်ကာ တတ်မြောက်လာသော ပညာရပ်များဖြင့် နိုင်ငံတော်အား ပြန်လည်အကျိုးပြုစေမည့် ရည်မှန်းချက် အောင်မြင်စေရန် အာမခံချက်ပေးနိုင်မည်ဖြစ်ကြောင်း၊ ထူးချွန်ဆုရကျောင်းသား ကျောင်းသူများအား သင်ကြားမှုစနစ်များသည်လည်း သင်ကြားရေးနှစ်အလိုက် ထိရောက်မှုရှိစေရေး ကျောင်းသား ကျောင်းသူများ ကျောင်းနေပျော်၍ သင်ကြားရေးစနစ်အပေါ် အပြည့်အဝလက်ခံကျင့်သုံးပြီး အရည်အချင်းပြည့်မီသော ပညာရှင်များပေါ်ထွန်းလာရန်လိုအပ်ကြောင်း အကြံပြုဆွေးနွေးသည်။

အလားတူ မတ္တရာမဲဆန္ဒနယ်မှ ဦးလှမြင့်နှင့် မြစ်သားမဲဆန္ဒနယ်မှ ဦးစန်းမြင့်တို့က ထောက်ခံဆွေးနွေးကြသည်။

ယင်းနောက် ကျောက်ပန်းတောင်းမဲဆန္ဒနယ်မှ ဦးဝင်းမြင့်မောင် တင်သွင်းသည့်အဆိုနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က ဝိဇ္ဇာ၊ သိပ္ပံ ဘာသာရပ်အလိုက် ထူးချွန်ကျောင်းသားများရွေးချယ်ပြီး အထူးလေ့ကျင့်ပြုစုပျိုးထောင် ရေးအစီအစဉ်ကို ၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှစတင်ခဲ့ပါကြောင်း၊ ယင်းအစီအစဉ်အတွက် သင်တန်းသားလျှောက်ထားမှုများကို တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်တွင် သီးသန့်ဖော်ပြလျှောက်ထားစေခဲ့ပြီး အနိမ့်ဆုံး ရမှတ်သတ်မှတ်ချက်တွင် အနိမ့်ဆုံးအဖြစ် အင်္ဂလိပ်စာဘာသာရပ်တွင် ၇၅ မှတ်နှင့်အထက်ရရှိရန် လိုအပ်ပါကြောင်း၊ အစီအစဉ်အတွက် ကျောင်းသားဦးရေ စတင်ခေါ်ယူခဲ့စဉ်က တစ်ဘာသာလျှင် ကျောင်းသား (၅၀) အထိသာ သတ်မှတ်ခဲ့သော်လည်း ၂၀၁၇ ခုနှစ်တွင် ကျောင်းသားဦးရေ စုစုပေါင်း (၂၀၀၀) အထိတိုးမြှင့်ပြီး ဘာသာရပ်အများစုကို တစ်ဘာသာလျှင် (၁၀၀) ဦးစီအထိ ခေါ်ယူခဲ့ပါကြောင်း။

၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှစတင်ပြီး ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်တို့ကို သီးခြားတက္ကသိုလ်များအဖြစ် သတ်မှတ်ခဲ့ပြီး လျှောက်ထားလိုသူများသည် ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်များသို့ တိုက်ရိုက်လျှောက်ထားပြီး သက်ဆိုင်ရာတက္ကသိုလ်များ၏ အထူးပြုဘာသာရပ်အလိုက် သီးသန့်ဝင်ခွင့်ရွေးချယ်ရေးမူများဖြင့် ရွေးချယ်ခဲ့ပါကြောင်း၊ ယင်းပညာသင်နှစ်မှစတင်ပြီး “ဝိဇ္ဇာ၊ သိပ္ပံဘာသာရပ်အလိုက် ကျောင်းသားများရွေးချယ်၍ အထူးလေ့ကျင့်ပြုစုပျိုးထောင်ရေးအစီအစဉ်”အစား တိုက်ရိုက်လျှောက်ထားရမည့် အသက်မွေးဝမ်းကျောင်း တက္ကသိုလ်နှင့် ဒီဂရီကောလိပ်၊ ကောလိပ်များကို သတင်းစာများ၌ သီးခြားကြော်ငြာခေါ်ယူပြီး လျှောက်ထားရန် စီစဉ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်တို့တွင် ဖွင့်လှစ်ခဲ့သည့် “ဝိဇ္ဇာ၊ သိပ္ပံ ဘာသာရပ်အလိုက် ထူးချွန်ကျောင်းသားများရွေးချယ်ပြီး အထူးလေ့ကျင့် ပြုစုပျိုးထောင်ရေးအစီအစဉ်”အရ ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်တို့ကို သီးခြားဝင်ခွင့်ရွေးချယ်မည့် တက္ကသိုလ်များအစီအစဉ်တွင် ထည့်သွင်းလျှောက်ထားခွင့်ပြုပြီး ထူးချွန်ဆုများကို ယနေ့အထိ ဆက်လက်ချီးမြှင့်ပေးခဲ့ပါကြောင်း။

၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှစပြီး အစီအစဉ်သစ်အနေဖြင့် Naypyitaw State Academy တွင် ပညာသင်ကြားနေသည့် ကျောင်းသား ကျောင်းသူများကိုလည်း ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်တို့နည်းတူ ထူးချွန်ဆုများ ချီးမြှင့်သွားမည်ဖြစ်ပါကြောင်း။

ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ Naypyitaw State Academy နှင့် စီးပွားရေး တက္ကသိုလ်များရှိ ဝိဇ္ဇာဘာသာရပ်များဖြစ်သည့် စီးပွားရေးပညာဘာသာရပ်နှင့် ဥပဒေပညာဘာသာရပ်၊ သိပ္ပံဘာသာရပ်များဖြစ်သည့် သင်္ချာ၊ ဓာတုနှင့် ရူပဗေဒဘာသာရပ်များတွင် ထူးချွန်သူများကို ဘွဲ့ကြို၊ ဘွဲ့လွန် (မဟာဘွဲ့နှင့် ပါရဂူဘွဲ့) ရရှိပြီးသည်အထိ ပညာသင်စရိတ် ထောက်ပံ့ပေးမည်ဖြစ်ပြီး ပညာသင်စဉ်ကာလအတွင်း ပြည်ပပညာသင်စေလွှတ်ရန် ပေါ်ပေါက်လာသည့်အခါ ဦးစားပေးစေလွှတ်သွားမည်ဖြစ်ပါကြောင်း၊ ဘွဲ့လွန်ဘွဲ့များကိုလည်း ပြည်ပမှ ပညာသင်စရိတ်ထောက်ပံ့သည့် အစီအစဉ် (သို့မဟုတ်) နိုင်ငံတော်အစီအစဉ်ဖြင့်လည်း ဦးစားပေးစေလွှတ်သွားမည်ဖြစ်ပါကြောင်း။

ပညာရေးဝန်ကြီးဌာနအနေနှင့် ထူးချွန်ကျောင်းသားများနှင့် ထူးချွန်ဆုပေးအပ်သည့် အစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ အားသာချက်၊ အားနည်းချက်များအပေါ် သုံးသပ်ပြီး ပိုမိုထိရောက်သည့် ချီးမြှင့်မည့်အစီအစဉ်များကို အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ထူးချွန်ကျောင်းသား ကျောင်းသူများကို ထိရောက်စွာ အားပေးချီးမြှင့်ခြင်းအားဖြင့် ဘာသာရပ်အသီးသီးတွင် ကျောင်းသား ကျောင်းသူများ၏ တက်ကြွစွာ ပညာသင်ယူလိုစိတ်ကို ပိုမိုအားပေးမြှင့်တင်နိုင်မည်ဖြစ်ပြီး နိုင်ငံတော်အတွက် လိုအပ်နေသည့် လူ့စွမ်းအားအရင်းအမြစ်များကို ပျိုးထောင်မြှင့်တင်ရေး အလေးထားဆောင်ရွက်လျက်ရှိနေသည့်အတွက် အဆိုအား မှတ်တမ်းအဖြစ်ထားရှိပေးပါရန် လွှတ်တော်သို့ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ကျောက်ပန်းတောင်းမဲဆန္ဒနယ်မှ ဦးဝင်းမြင့်မောင် တင်သွင်းသည့်အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က အဆိုအပေါ် မှတ်တမ်းတင် စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ကြေညာသည်။

တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၁၇ ရက်မြောက်နေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေး ၁၈ ရက်မြောက်နေ့ကို အောက်တိုဘာ ၁၉ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


#News #Myanmar


မူရင်းသတင်း — Myanmar National Post