
တနင်္သာရီမြစ်ရေမှာ အန္တရာယ်ရေအမှတ်ထက်ရောက်ရှိနေပြီး မြို့ပေါ်နှင့်ကျေးရွာများတွင် စာသင်ကျောင်း ၁၇ ကျောင်းအထိပိတ်ထားရကြောင်း သိရသည်။
စက်တင်ဘာလ ၁ ရက် တိုင်းထွာချက်အရ တနင်္သာရီမြစ်ရေမှာ အန္တရာယ်ရေအမှတ် ၂၄ ပေ အထက် ၁ ပေ ၁၀ လက်မကျော်ကာ ၂၅ ပေ ၁၀ လက်မတွင်ရှိနေကြောင်း သိရသည်။
မြစ်ရေကြီးမှုကြောင့် မြို့ပေါ်နှင့်ပတ်ဝန်းကျင်ကျေးရွာများရှိ စာသင်ကျောင်း ၁၇ ကျောင်းအထိ ပိတ်ထားရပြီး ကယ်ဆယ်ရေးစခန်း ၁ဝခု ဖွင့်လှစ်ကာ ကူညီကယ်ဆယ်ရေးများ ဆောင်ရွက်ပေးနေကြောင်း တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ မြစ်ရေလွှမ်းမိုးမှုဖြစ်ပြီး ရန်ကုန်-မြိတ်-ကော့သောင်းပြည် ထောင်စုလမ်းမကြီး ၏ အစိတ်အပိုင်းတစ်ချို့ ရေကျော်ကာ ကားလမ်းသွားလာလို့ မရတော့ကြောင်း သိရသည်။
"မြစ်ရေ ထပ်မတိုးတော့ဘူး။ ၂၅ ပေ၊ ၁၀ လက်မမှာငြိမ်နေတယ်။ မိုးရွာသွန်းမှုနည်းလာမယ်။ မြိတ်ဘက်က ပင်လယ်ဒီရေ ပြန်ဆွဲချရင် မြစ်ရေပြန်ကျလာလိမ့်မယ်။ လောလောဆယ် စာသင်ကျောင်းတွေ ပိတ်ထားရတယ်။ ကားလမ်းတွေ ပိတ်နေတယ်"လို့ ဒေသခံတစ်ဦးက ပြောကြားခဲ့သည်။
ညောင်ပင်ကွင်း၊ လယ်တောင်ယာ၊ ဘန်းသဲ၊ အောက်ကင်း၊ အရှေ့မော်တုန်း၊ တပ်ဦး၊ ကျောက်မီးကျောင်း၊ ထုံနွယ်၊ မြေမအုံ၊ မြန်မာအင်းတော်၊ ကြိမ်ချောင်းဝ၊ ဇဝဲ၊ ကတော့ကမ်း၊ ဇလုံး၊ ဗောဓိကမ်း၊ တနသ်ာရီမြို့ပေါ်ရှိ စာသင်ကျောင်း ၁၇ ကျောင်းပိတ်ထားရကြောင်းသိရသည်။
လူဦးရေ ၂ ထောင်ခန့် ကယ်ဆယ်ရေးစခန်း ၁၀ ခုတွင်ထားရှိပြီး ကူညီဆောင်ရွက်မှုပေးထားကြောင်း သိရသည်။
တနသ်ာရီမြစ်ရေ၏ စိုးရိမ်ရေအမှတ်မှာ ၁၇ ပေဖြစ်ပြီး၊ အန္တရာယ်ရေအမှတ်မှာ ၂၄ ပေ ဖြစ်ကြောင်း သိရသည်။